အာဏာရှင် ဦးသန်းရွှေလက်ထက် တရုတ်နိုင်ငံက အထူးစီးပွားရေးဇုန်ကို သဘောကျနှစ်ခြိုက်ကာ စတင်လာခဲ့တဲ့ စိတ်ကူးဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းဟာ ဒီမိုကရေစီအစိုးရ နှစ်ဆက်ကျော်နိုင်ငံကို စစ်တပ်က ပြန်လည်အာဏာသိမ်းယူလိုက်တဲ့အထိ ပြင်ဆင်ချိန် ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ ကျောက်ဖြူမြို့နယ်ကို “ကျောက်ဖြူ သို့မဟုတ် အိန္ဒိယသမုဒ္ဒရာရဲ့ ပုလဲမြို့” လို့တောင် တင်စားထားတာကို တွေ့ရပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးလာနေတဲ့ တရုတ်ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံတော့ ဒီမိုကရေစီအစိုးရလက်ထက်က ဖွံ့ဖြိုးမှုအနည်းငယ်ကို မြင်တွေ့ခဲ့ရပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ တစ်ရက်နေ့ စစ်တပ်ကနိုင်ငံအာဏာကို သိမ်းယူလိုက်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံဟာ နာတာရှည်ရောဂါသည်ကို လေထပ်ဖြတ်သလို ဆန့်တစ်ငင်ငင်နဲ့ သေမယ့်နေ့ကို စောင့်ကြည့်နေရတဲ့ အခြေအနေလို့ဆိုရမှာပါ။
တရုတ်နိုင်ငံကတော့ သူ့စီမံကိန်းဖြစ်တဲ့ (Belt and Road Initiative) လို့ခေါ်တဲ့ ခါးပတ်လမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကျောက်ဖြူဟာ အရေးအပါဆုံးနေရာထဲက တစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘီလီယံချီတဲ့ စီမံကိန်းတွေကို ကျောက်ဖြူမြို့နယ်အတွင်း တရုတ်ကတည်ဆောက်ထားပြီးသားပါ။ ဒီစီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ နောက်ထပ်စီမံကိန်းတွေ ထပ်တည်ဆောက်ဖို့ ပြင်ဆင်နေချိန် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူမှုဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်နိုင်ဖို့ တစ်စိုက်မတ်မတ်ကြိုးစားနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးငါးလအကြာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ (ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဟောင်း) ဦးမြင့်သိန်းကို ဥက္ကဋ္ဌအဖြစ် ပြန်လည်တင်မြှောက်ပြီး ပြန်လည်ဖွဲ့စည်းလိုက်တာကို တွေ့ရပါတယ်။
တရုတ်အစိုးရဘက်ကတော့ အာဏာသိမ်းပြီးခါစက မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းတော့ ရင်းနှီးမြှုပ်နှံမှုများအတွက် လူသိရှင်ကြား ပြောကြားတာမျိုးကို မတွေ့ရသေးပါဘူး။ သို့သော်လည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တင်ဒါအောင်မြင်ထားတဲ့ CITIC ဘက်ကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်နိုင်ရေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ တင်ဒါစတင်ခေါ်ယူခဲ့ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှစ်ခုအတွက် တရုတ် ၈၅ ရာခိုင်နှုန်း မြန်မာ ၁၅ ရာခိုင်နှုန်းနဲ့ သဘောတူခဲ့ ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ NLD ပါတီက အစိုးရဖြစ်လာချိန်မှာ ရှယ်ယာကိစ္စကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြန်မာ ၃၀ ရာခိုင်နှုန်း၊ တရုတ် ၇၀ ရာခိုင်နှုန်းနဲ့ ပြန်လည်ညှိနှိုင်းသဘောတူခဲ့ကြတာပါတယ်။ စီမံကိန်း ကုန်ကျစရိတ်အား အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြပြီး စီမံကိန်း ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့်သာ စတင်ရန်နှင့် ပထမအဆင့် လုံးဝပြီးစီးမှသာ ထပ်မံတိုးချဲ့ အကောင်အထည်ဖော်တည်ဆောက်ရန် သဘောတူညီခဲ့ကြပါတယ်။
NLD အစိုးရနဲ့ သဘောတူညီချက်အရ CITIC ဦးဆောင်တဲ့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပါတယ်။ မြန်မာဘက်ကတော့ မြေနေရာအတွက် ၁၅ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ၁၅ ရာခိုင်နှုန်း ထပ်မံထည့်ဝင်ရမယ်လို့ဆိုပါတယ်။ ကျောက်ဖြူစီမံကိန်းမှာ မြန်မာအနေနဲ့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရင်နှီးမြှုပ်နှံရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က ထည့်ဝင်ရမယ့် ဒေါ်လာ ၁ ဘီလီယံကျော်ထည့်ဝင်ရမှာဖြစ်ပေမယ့် ပထမအဆင့် ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ရာမှာတော့ အမေရိကန်ဒေါ်လာ သန်းတစ်ရာဝန်းကျင်သာ ထည့်ဝင်မှာဖြစ်ပါတယ်။ ပထမအဆင့်လုပ်ငန်းများအတွက် အရင်းကျေပြီးမှသာ နောက်အဆင့်များကို ဆက်လက်ဆောင်ရွက်မယ်လို့လည်း NlD အစိုးရလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောဆိုခဲ့ဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က BRI အကောင်အထည် ဖော်ဆောင်ရေးကော်မတီကို ပြီးခဲ့တဲ့မေလက ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ ပြန်လည်အသံထွက်လာတာဖြစ်ပါတယ်။ ဘယ်လိုစတင်မလဲဆိုတာကိုတော့ ဒီနေ့ထိ စစ်ကောင်စီဘက်ကရော တရုတ်နိုင်ငံဘက်ကပါ အတိအကျထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။ လက်ရှိ စစ်တပ်ကအာဏာသိမ်းယူထားပေမယ့်လည်း ၂၀၀၈ ခြေဥကို ဖျက်သိမ်းကြောင်း မကြေညာသေးတဲ့အတွက် စီမံကိန်းတွေကို တည်ဆောက်ဖို့ဆိုရင် တည်ဆဲဥပဒေတွေအတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ ခန့်မှန်းရပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို ဆောက်လုပ်ဖို့ ၂၀၁၅ က အတည်ပြုရေးဆွဲတဲ့ (EIA-Environmental Impact Assessment) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ EIA ပြုလုပ်ဖို့ ကနေဒါနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ (HATCH) ကုမ္ပဏီကို NLD အစိုးရလက်ထက်က အကြံပေးငှားရမ်းခဲ့ပေမယ့် ကိုဗစ်ရောဂါကာလအတွင်းဖြစ်ခဲ့တာကြောင့် စီမံကိန်းရှိရာ ကျောက်ဖြူမြို့နယ်ကို တစ်ခေါက်သာရောက်ရှိခဲ့ပါတယ်။ ဒေသတွင်းလုပ်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ လုပ်ဖြစ်ခဲ့တာ မတွေ့ရပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူမှုနောက်ပိုင်း EIA လုပ်ဆောင်မှုရပ်တန့်နေပြီး ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာတည်ဆေက်မယ့် ရေနက်ဆိပ်ကမ်းနဲ့ ရမ်းဗြဲကျွန်းနဲ့ မဒေးကျွန်းကိုသွယ်တန်းမယ့် တံတား စီမံကိန်းအတွက် လုပ်ဆောင်နေဆဲ (Environmental Social Impact Assessment-ESIA) လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ နောက်ထပ်ကုမ္ပဏီတစ်ခုကို ငှားရမ်းနေကြောင်းလည်း တစ်ချို့ အတည်မပြု နိုင်သေးတဲ့ သတင်းတွေအရသိရှိရပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် EIA လုပ်ဖို့အတွက် NLD အစိုးရလက်ထက်က ငှားရမ်းထားတဲ့ ကနေဒါနိုင်ငံအခြေစိုက် အကြံပေးကုမ္ပဏီက ဆက်လက် လုပ်ဆောင်နေ၊မနေဆိုတာလည်း မသိရသေးပါဘူး။
သို့သော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း စက်မှုဇုန်ဧရိယာမှာ မြေဧက (၂၅၀) ကို သိမ်းဆည်းဖို့ NLD အစိုးရလက်ထက်ကတည်းက ပြင်ဆင်မှုတွေရှိခဲ့ပါတယ်။ သိမ်းဆည်းမယ့်မြေ (၂၅၀) ဧကအတွင်း ကျေးရွာအုပ်စုလေးခုမှ လယ်ပိုင်ရှင်ပေါင်း ခုနစ်ဆယ်ကျော်ရဲ့ လယ်မြေတွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒီပထမဆုံးသိမ်းဆည်းမယ့် လယ်မြေတွေအတွင်း ဘယ်ဒေသကမှန်းမသိတဲ့ လူသုံးဦးက ဒေသခံလယ်ပိုင်ရှင်တွေမသိဘဲ အမည်ပေါက်ရယူူထားတဲ့ မြေဧကပေါင်းတစ်ရာကျော်ရှိနေပြီး ယခုသိမ်းဆည်းမယ့်မြေထဲမှာ ဒီလူသုံးဦးရဲ့ မြေဧကခြောက်ဆယ်ကျော် ပါဝင်နေတာကိုတွေ့ရပါတယ်။
ဒီသုံးဦးရဲ့ပိုင်ဆိုင်မှုဟာ မြန်မာနိုင်ငံဥပဒေအရ (လ/န ၃၉) လို့ခေါ်တဲ့ ဂရမ်မြေအဖြစ်တောင် အမည်ပေါက် ရရှိထားတာကိုတွေ့ရပြီး သိမ်းဆည်းမြေတွေအတွက် စာရင်းပြုစုခဲ့တဲ့ NLD အစိုးရလက်ထက် ထုတ်ပြန်ချက်အရ အထွေထွေအုပ်ချုပ်ရေးဌာနစာရင်းအရ ဒေသခံမြေပိုင်ရှင် (၂၂) ဦးဟာ ကျူးကျော် သူတွေအဖြစ် ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ တည်ဆဲဥပဒေတွေအရ လ/န ၃၉ ဟာ လယ်ယာမြေကို အခြားမြေအဖြစ်အသုံးချခွင့်ဖြစ်ပြီး အနည်းဆုံးနှစ်ပေါင်း သုံးဆယ့်ငါးနှစ် ပိုင်ဆိုင်မှုထုတ်ပေးတဲ့ လက်မှတ်ဖြစ်ပါတယ်။
ဒေသခံလယ်သမားတွေပြောပြချက်အရ ဒီလယ်သမားတွေ ပိုင်ဆိုင်ထာတဲ့မြေကို ဘယ်သူတွေက ဘယ်အချိန်ကတည်းက လျှောက်ထားကာ ရယူထားမှန်းမသိကြောင်းနဲ့ ခုအချိန်ထိ အဲဒီပတ်ဝန်းကျင်က မြေတွေကို ဒေသခံလယ်ပိုင်ရှင်တွေ လုပ်ကိုင်နေသေးကြောင်းနဲ့ အခုသိမ်းဆည်းမည့်ထုတ်ပြန်ချက်တွင်သာ ဒီလူသုံးဦးရဲ့ နာမည်တွေကိုတွေ့ရကြောင်း ပြောဆိုကြပါတယ်။ ခုအချိန်ထိ ကျူးကျော်နှစ်ဆယ့်နှစ်ဦးလို့ ဖေါ်ပြထားသော်လည်း မည်သူတွေရဲ့ လယ်မြေတွေပါဝင်နေတာကို မသိသေးကြောင်းပြောဆိုကြပါတယ်။ သေချာတာကတော့ မိရိုးဖလာအရပိုင်ဆိုင်ထားတဲ့ လယ်သမားနှစ်ဆယ့်နှစ်ဦးကတော့ ကျူးကျော် ဖြစ်နေပါပြီ။
ဒီလိုပိုင်ဆိုင်မှုအမည်ပေါက်ယူပြီး မြေသိမ်းဆည်းတဲ့အခါ လျော်ကြေးထုတ်ယူသွားမှုကို ၂၀၁၀ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်ကာလတုန်းကလည်း ဖြစ်ခဲ့ဖူးကြောင်းသိရှိရပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က ပျားတဲကျေးရွာဒေသခံတွေပိုင်ဆိုင်တဲ့ မြေနှစ်ဆယ့်ငါးဧကကို စစ်တပ်အရာရှိတစ်ဦးက အမည်ပေါက်နာမည်ရယူထားပြီး လျော်ကြေးငွေ သိန်းပေါင်းသုံးရာကျော် ထုတ်ယူသွားခဲ့ပြီး ဒေသခံတွေဆုံးရှုံးခဲ့ဖူးတဲ့ သာဓကတွေ ရှိနေခဲ့ဖူးတာပါ။
ဒါဟာ အစိုးရဌာနဆိုင်ရာတွေရဲ့အကျင့်ပျက်မှုကို မီးမောင်းထိုးပြနေတာဖြစ်ပြီး စီမံကိန်းကြောင့် လျော်ကြေးရမယ့်နေရာတွေမှာ သတင်းအချက်အလက်ဦးသူများက ဌာနဆိုင်ရာများနဲ့ပူးပေါင်းကာ မြေကိုပိုင်ရှင်လုပ်ပြီး ဒေသခံလယ်သမားတွေမသိအောင် လျော်ကြေးထုတ်ယူမှု ပြုလုပ်တာဖြစ်ပါတယ်။ အခုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်မစတင်မီကပင် ဒေသခံလယ်သမားများဟာ ကိုယ့်လယ်ကိုယ်လုပ်ရင်း ကျူးကျော်သူများဖြစ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။
ကျောက်ဖြူဒေသမှာတည်ဆောက်ခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွင်း မြေယာ ပြဿနာတွေများစွာဖြစ်ပွားခဲ့ပြီး ဒေသခံတွေက ကုမ္ပဏီတွေကို ဆန္ဒထုတ်ဖေါ်မှုပေါင်းများစွာရှိခဲ့ဖူးပါတယ်။ အခုတည်ဆောက်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာလည်း မြေယာမသိမ်းဆည်းမီကတည်းက ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေး ချိုးဖောက်ခံနေရပြီဖြစ်တယ်။ ဒီပြဿနာတွေကို အစိုးရအနေနဲ့ ပြန်လည်စီစစ်ဖို့လိုအပ်နေသလို အမှန်တရားအတိုင်း ဖြေရှင်းပေးဖို့လည်း လိုအပ်နေပါသေးတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်မယ်ဆိုရင် အရင်အစိုးရတို့ရဲ့ ထုံးစံကျင့်စဉ်အတိုင်း အရင် အစိုးရအမှား လက်ရှိအစိုးရ မတတ်နိုင်ဆိုတဲ့ ဖြေရှင်းပုံမျိုးကို ဆက်လက်ကျင့်သုံးပါက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် (သို့မဟုတ်) “အိန္ဒိယသမုဒ္ဒရာထဲက ပုလဲ” မဟုတ်ဘဲ “ကျောက်ဖြူအထူးစီးပွားရေးဇုန် (သို့မဟုတ်) အိန္ဒိယသမုဒ္ဒရာထဲက ငရဲတွင်းသာဖြစ်သွားမယ်လို့ မြင်မိပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ အခွင့်အလမ်းများစွာရှိသလို ဒေသခံလူထုအတွက် စိန်ခေါ်မှုများစွာလည်း ရှိနေနိုင်တဲ့အတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ဖို့ထက် အခြေအနေ အရပ်ရပ်ကိုသုံးသပ်ပြီး ရခိုင်ပြည်အတွက် သေချာတဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အလမ်းများကို ပေးထားသင့် ပါတယ်။ မြေယာနဲ့အလုပ်အကိုင်အခွင့်အလမ်းများ နိုင်ငံရေးအရ အာမခံချက်တွေမရှိသေးဘဲ စီမံကိန်း စတင်နိုင်ရေးကိုသာ ဦးတည်နေပါက ဒေသခံလူထုအတွက် အခွင့်အလမ်းထက် စိန်ခေါ်မှုဆိုးကျိုးများကို ဦးတည်သွားနိုင်တယ်လို့ ရှုမြင်မိပါတယ်။
မင်းထီးရေးသားသည်။