ကချင်ပြည်နယ်မှ ဖမ်းဆီးခံ သတင်းသမား ၅ ဦး ပြန်လည်လွတ်မြောက်

ကချင်ပြည်နယ်မှ ဖမ်းဆီးခံ သတင်းသမား ၅ ဦး ပြန်လည်လွတ်မြောက်

မြစ်ကြီးနားအကျဉ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကချင်ပြည်နယ်က သတင်းသမား ၅ ဦး အောက်တိုဘာလ ၁၉ ရက်နေ့ (ယနေ့) တွင် ပြန်လည်လွတ်လာပြီဖြစ်သည်။

ယနေ့ လွတ်လာသည့်သတင်းသမားများမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media က သတင်းထောက် မချန်ဘူ နှင့် Kachinwaves သတင်းဌာန က ကိုလရော် တို့ ဖြစ်ကြသည်။

မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင်က “ကျနော်တို့ သတင်းဌာနက သတင်းထောက် ၃ ယောက်လုံး ပြန်လွတ်တယ်ပေါ့နော်။ အဂျဲရယ်၊ ခရစ္စတိုဖာရယ်၊ မျိုးမြတ်မြတ်ပန်ရယ်ပေါ့နော်။ သုံးယောက်စလုံး ပြန်လွတ်တယ်” ဟု ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့အထိ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွတ်ပေးမည့် အမည်စာရင်းတွင် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်များ၏ အမည်များမပါသည့်အတွက် စိတ်ပူနေရာခဲ့ရာ ယနေ့ ပြန်လွတ်ပေးလိုက်သူများထဲတွင် ပါလာသည့်အချိန်မှ စိတ်ချရသည်ဟု မဆိုင်းမိုင်က ဆက်ပြောသည်။

“မနေ့ညကအထိ နာမည်စာရင်းမပါတော့ စိတ်ပူနေတာ။ ဆိုတော့ လွတ်ခါနီးကျမှပဲ ဖုန်းဆက်လာမှ သိတာပေါ့ လေနော်။ ဒီနေ့ ကျနော်တို့ ကချင်ပြည်နယ်က သတင်းထောက် ၅ ယောက်လုံးပြန်လွတ်လာပြီ။ 74 တို့ Kachinwaves တို့က သတင်းထောက်တွေလည်းပါတယ်။ အခုနကပဲ ထောင်ပေါက်ဝမှာ ကျနော်နဲ့ Video Call ပြောပြီးပါပြီ။ ၆ လနဲ့ ၄ ရက် ထောင်ထဲမှာ နေလိုက်ရတယ်” ဟု ပြောသည်။

Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်လည်း ယနေ့ ပြန်လည်လွတ်လာပြီလို့ ၎င်းသတင်းဌာန၏ အယ်ဒီတာက အတည်ပြုပြောသည်။

“လရော်အပါ မြစ်ကြီးနားသတင်းထောက် ၅ ယောက်လွတ်လာတယ်ပေါ့။ သတင်းလိုက်ရင်းနဲ့ ဘာမှအပြစ်မရှိပဲ ဆန္ဒထုတ်ဖော်တာကို သတင်းလိုက်ရင်း ဖြိုခွဲတဲ့အချိန်မှာ ပါသွားတာဟုတ်တယ်။ ဘာမှအပြစ်မရှိပဲ ထောင် ထဲမှာ ၅ လကျော် ၆လကျော် အချိန်သွားဖြုန်းလိုက်ရတယ်။ အဲ့အတွက်လည်း စိတ်မကောင်းဘူး။ သွားဒုက္ခခံနေရတယ်။ သူတို့လွတ်မြောက်လာလို့ ဝမ်းသာတယ်။ တခြားကျန်ရှိနေသေးတဲ့ သတင်းထောက်တွေလည်း တခြားပြည်သူတွေရော၊ တခြားနိုင်ငံရေးခေါင်းဆောင်တွေရော အမြန်ဆုံးလွတ်မြောက်လာဖို့အတွက် မျှော်လင့်တယ်။”

အလားတူ The 74 Media သတင်းဌာနက သတင်းထောက် မချန်ဘူလည်း ပြန်လွတ်လာပြီဟု ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

သတင်းထောက်များအား ယခုကဲ့သို့ ပြန်လွတ်ပေးသည့်အပေါ် မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင် က လည်း “အဓိကတော့ နဂိုကတည်းကကို ဖမ်းသင့်တဲ့အမျိုးမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆို ကျ နော်တို့ သတင်းထောက်တွေက ဘာပြစ်မှုမှလည်း လုပ်ထားတာ မဟုတ်ဘူးလေ။ သတင်းထောက်ဆိုတာ ပြစ်မှု ကျူးလွန်တဲ့လူတွေလည်း မဟုတ်ဘူးလေ။ သူ့အလုပ်သူလုပ်နေကြတဲ့သူတွေလေနော်။ နဂိုကတည်းကနေ ဖမ်းရမယ့် လူတွေ မဟုတ်တဲ့အတွက် အခုလွတ်ပေးတဲ့အပေါ်မှာလည်း ကျနော်တို့က ကျေးဇူးမတင်ပါဘူး။ သတင်းထောက်တွေ အတွက်တော့ ဝမ်းသာတယ်။ AAPP ပြောသလိုပဲ သူတို့ရဲ့ ကုန်ဆုံးသွားတဲ့ ၆ လကို ဘာနဲ့ လျော် ပေးမှာလဲ၊ ထောင်ထဲမှာ နစ်နာဆုံးရှုံးရတဲ့ အချိန်တွေ ဒဏ်ရာတွေ ဘာနဲ့ကုစားပေးမှာလဲ စစ်ကောင်စီက” ဟု ပြောသည်။

The 74 media က သတင်းထောက် မချန်ဘူ နှင့် Kachinwaves သတင်းဌာနက ကိုလရော်တို့နှစ်ဦးကို မတ်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် စစ်ကောင် စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီးနောက် ၆ လကျော်အကြာတွင် ပြန်လွတ်ပေးခြင်း ဖြစ်သည်။

ထို့အပြင် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ကိုအဂျဲ၊ ခရစ္စတိုဖာတို့ကို ဧပြီလ ၁၃ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မမျိုးမြတ်မြတ်ပန်ကိုတော့ ဧပြီလ ၁၄ ရက်နေ့တွင် သူမ၏နေအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယနေ့ပြန်လွတ်လာသည့် ကချင်သတင်းသမား ၅ ဦးစလုံးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး အမှုရင်ဆိုင်နေရင်းမှ အာဏာသိမ်းခေါင်းဆောင်က လူသားချင်း စာနာထောက်ထားခြင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသူ/သားများကို ပြန်လွတ်ပေးမည်ဟု ပြောဆိုပြီးနောက် ပြန်လွတ်လာကြခြင်းဖြစ်သည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...