နိုင်ငံတကာ ဖိအားကြောင့် ထိန်းသိမ်းသူများကို လွှတ်ပေးခြင်းဖြစ်ဟု နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်

နိုင်ငံတကာ ဖိအားကြောင့် ထိန်းသိမ်းသူများကို လွှတ်ပေးခြင်းဖြစ်ဟု နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့သည့်အတွက် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား ၅၆၃၆ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ခံဝန်ဖြင့်ပြန်လွှတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံတကာ၏ ဖိအားကြောင့်သာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့နှင့် တရားလွှတ်တော်ရှေ့များက ပြောသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီမီဒီယာကတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် သီတင်းကျွတ်ကာလ ကုသိုလ်များလုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော်လည်း အမှန်တကယ်မှာ နိုင်ငံတကာ၏ ဖိအားကြောင့်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

“ပြောရမယ်ဆို နိုင်ငံတကာဖိအားပေါ့နော်။ အာဆီယံကနေ နစကကို ကျင်လိုက်တဲ့သဘောဖြစ်သွားတော့ ဒါဟာ နစကအတွက် အင်မတန်ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်သွားတာပေါ့။ အဲ့ဒီတော့ ဒါကို ပြန်ကုစားနိုင်ဖို့ နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်လျှောက်တဲ့သဘောပါ” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးထောင်ချခံထားရသူ ၁၃၁၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တရားဆွဲဆိုခံထားရသူ ၄၃၂၀ ဦးကိုလည်း အမှုရုတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူအချို့အား အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း “သူတို့ဖမ်းထားတာ ၈၀၀၀ ကျော်လောက်ရှိတယ်။ သူတို့ လူတစ်ယောက်ထဲကို ပုဒ်မအမျိုးမျိုးနဲ့ ဆွဲထားတာဆိုတော့ ၃၀၀၀ ကျော်လောက်က ကျန်ခဲ့မယ့်သဘောရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သူများထဲတွင် အနုပညာရှင်အချို့အပြင် သတင်းသမားများဖြစ်ကြသည့် မသူဇာ၊ ဦးစည်သူအောင်မြင့်၊ မထက်ထက်ခိုင်၊ မသင်းသင်းအောင်၊ ကိုဂျိမ်း၊ ကိုအောင်ကျော်တို့အပါအဝင် သတင်းမီဒီယာသမားအယောက် ၅၀ ပါဝင်သည်ဟု သိရသည်။

“မီဒီယာသမားဆိုတာ နိုင်ငံကို ပုန်ကန်နေတာမဟုတ်ဘူး။ သူတို့အနေနဲ့တော့ မီဒီယာသမားတွေအပေါ် ရန်သူကြီးသဖွယ်သတ်မှတ်ပြီး ဖမ်းဆီးနှိမ်နှင်းတယ်။ အကြောက်တရားတွေထည့်တယ်။ ဒါတွေက အစောကြီးကတည်းက လုပ်သင့်တဲ့အရာမှမဟုတ်တာ” ဟု ရန်ကုန်မြို့အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။

ပြစ်ဒဏ်ကျခံပြီးသူ နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိနေသည့် ပြစ်ဒဏ်များကိုပါ ကျခံရမည်ဆိုသည့် ခံဝန်များဖြင့် လွတ်ငြိမ်းချမ်းသာခွင်ပြုခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီက ယနေ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးနေသော်လည်း ပြန်လည်ဖမ်းဆီးခံရသူအချို့လည်း ရှိနေသည်ဟု သိရသည်။

သာစည်မြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်လေးလေးနိုင်ကို ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ယနေ့ပြန်လွှတ်ပေးလိုက်ပြီးနောက် လွှတ်ပြီးပြီးချင်းတွင်ပင် ပုဒ်မ ၁၇ (၁) ကျန်ရှိနေသေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးသွားသည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စပ်လျဉ်းပြီး တရားရုံးအသီးသီးတွင် ကြားနာစစ်ဆေးဆဲ အမှုများကိုပိတ်သိမ်း၍ ဖမ်းဆီးထားသူ ၁၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...