တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် တစ်ရက်တည်းပေါက်ကွဲခဲ့သော ဗုံးလေးလုံးအနက် နှစ်လုံးမှာ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကြေငြာချက်ထုတ်ထားသည်။
ပုလောမြို့၊ မြို့တော်ခန်းမတွင် ညနေ ၄ နာရီခွဲ အချိန်ဝန်းကျင်ခန့်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု ရွှေဟင်္သာလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုပေါက်ကွဲမှုနှစ်ခုမှာ သူတို့လက်ချက်ဖြစ်ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF နှင့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ထုတ်ပြန်သည်။
ပုလောမြို့တော်ခန်းမနှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တစ်မြို့လုံးနီးပါးကိုလည်း လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ခန်းမပေါက်ကွဲပြီးထဲက မြို့ပေါ် အသွားအလာတွေ မရှိကြတော့ဘူး။ လမ်းတွေမှာ ရှင်းလင်းသွားတာ။ စစ်တပ်ကသူတွေနဲ့ ရဲတွေ မီးသတ်တွေ လုံခြုံရေးချထားတာ သွားကြည့်ဖို့နေနေသာသာ ပြည်သူတွေက အိမ်ထဲမှာပဲ ကြောက်ပြီးနေကြရတာ” ဟု ပြောသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်း သေနတ်များ ပစ်ဖောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျန်ပေါက်ကွဲမှုနှစ်ခုမှ မည်သူ့လက်ချက်ဖြစ်ကြောင်း သတင်းနှင့်မီဒီယာကွန်ရက်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
CDM ပြုလုပ်နေသည့် သစ်တောဝန်ထမ်းအိမ်၊ ပုလော အထက ကျောင်းဝန်း၊ ပုလောမြို့တော်ခန်းမနှင့် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
CDM ဝန်ထမ်းအိမ်မှာ မိသားစုလိုက် တိမ်းရှောင်နေသည့်ကြသည့်အတွက် လူထိခိုက်မှုမရှိဘဲ အိမ်ခေါင်မိုး သွပ်ပြားပွင့်ထွက်ပြီး အိမ်ရှေ့ပိုင်း အနည်းငယ်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
“ကံကောင်းတာက အိမ်ထဲမှာ လူတစ်ယောက်မှမရှိဘူး။ သူတို့က အရပ်ဝတ်တွေနဲ့လာတာ အထက်သံစကားနဲ့ (ပုဂံသံမဟုတ်) အော်ပြောတာတွေ ကြားတယ်။ စဉ်းစားကြည့်ပေါ့ သာမန်လူလာမပစ်နိုင်ဘူး။ ညဦးထဲက လုံခြုံရေးတွေ ကင်းလှည့်ပြည့်နှက်နေတာ” ဟု ပုလောမြို့ခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် လူနှင့်တိရိစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း မြို့တော်ခန်းမအတွင်း ပျက်စီးမှု အနည်းငယ်သာရှိခဲ့ကြောင်းနှင့် ဖမ်းဆီးစစ်ဆေးခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးဟု ဆိုသည်။
ဗုံးပေါက်ကွဲမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပုလောမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
CDM ပြုလုပ်နေသည့် သစ်တောဝန်ထမ်းအိမ်နှင့် ပုလော အထက ကျောင်းဝန်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် ပြည်သူများ အပြင်ထွက်သွားလာခွင့်မရှိသည့်အချိန် ည ၁၀ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့်အတွက် ထိုပေါက်ကွဲမှုမှာ မိမိတို့အဖွဲ့နှင့် (လုံးဝ) မသက်ဆိုင်ကြောင်း၊ Palaw Regional Defense Force - PRDF က ထုတ်ပြန်ချက်အမှတ် ၂/၂၀၂၁ ဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။