ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါလက္ခဏာများ ခံစားနေရပြီး ရွာလုံးကျွတ်ဖျားနာကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
လွန်ခဲ့သည့် နှစ်လ သုံးလလောက်ခန့်မှ စတင်ကာ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ရွှေ ကျင်မြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ပြည်သူများမှာ ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါ လက္ခဏာများကို ခံစားလာ ရကြရသည်ဟု ညောင်းလေးပင်ခရိုင် ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့ ပြောရမယ်ဆိုရင် ရွာတိုင်းပဲ ညောင်လေးပင်ခရိုင်တစ်ခုလုံးပဲ အခြားဒေသလည်း အဲလိုပဲဖြစ်မယ်လို့ ထင်တယ်။ ဒါပေမယ့် အနီးစပ်ဆုံး ညောင်လေးပင်ခရိုင်တစ်ခုလုံး ရွာတိုင်းလိုလို ညောင်လေးပင်ခရိုင်ဆိုတာ ကျောက်ကြီး၊ မုန်းရယ်၊ ရွှေကျင်ရယ်။ အကုန်လုံးက ကျနော်တို့လည်း လူမှုရေးအဖွဲ့တွေကို ချိတ်ဆက်ကြည့်တာ အကုန်လုံးကလည်း တစ်လ နှစ်လ အတောအတွင်း အကုန်လုံးဖြစ်ကြတာပဲ တုတ်ကွေးလို့ပဲ ပြောကြပြီးတော့ ကုကြတာပဲ ပြန်ပြီးတော့ သက်သာတာပဲလေ။ ဒါပေမယ့် တချို့ကျတော့ ဆုံးတာတို့ဘာတို့ ရှိတာပေါ့ လူကြီးနဲ့ ရောဂါ အခံရှိတဲ့လူတွေ” ဟု ညောင်လေးပင်ခရိုင် ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ပြီးခဲ့သည့် သုံးလေးလခန့်က ဒေသအတွင်း ရောဂါဖြစ်ပွားမှုအခြေအနေမှာ မြှင့်တက်ခဲ့ပြီး လက်ရှိတွင် အနည်းငယ် ပြန်လည်ငြိမ်သက်နေသော်လည်း စိုးရိမ်နေရသေးသည်ဟု ဆိုသည်။
ညောင်လေးပင် ခရိုင်အတွင်း ယခုလက်ရှိ ဖြစ်ပွားနေသည့် ဖျားနာမှုများသည် ရာသီတုတ်ကွေးရောဂါဟု ဒေသခံများက ပြောဆိုနေကြသော်လည်း လက်ရှိဖြစ်ပွားနေသည့် ရောဂါလက္ခဏာများမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာနှင့် ပုံစံတူညီသည်ဟု ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူက ဆက်ပြောသည်။
“ပြောမယ်ဆိုရင် ဒါက သွားမစစ်တာတစ်ခုပဲ။ တစ်ယောက် နှစ်ယောက် သွားစစ်တဲ့သူတွေက အကုန်လုံးက ပေါ်ပြီးတော့ အဲမှာနေနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက္ခဏာဖြစ်တဲ့ တုတ်ကွေးလို့သာပြောတယ် ပြောရမယ်ဆိုရင် ကိုဗစ်လက္ခဏာနဲ့ တစ်ထပ်တည်း ပုံစံလို ပြောလို့ရတယ်။ အနံ့မရဘူးဗျာ။ ကြာတယ်။ ပထမ ဟိုးအရင် တုတ်ကွေးဆိုရင်လည်း သိပ်မကြာဘူးလေ။ အခုက ကြာလည်းကြာတယ်။ လှုပ်ရှားရင် မောတယ်။ အဲလိုမျိုး တော်တော်လေးကို သုံးလေးပတ် တစ်ချို့လူတွေဆို့ရင် သုံးပတ်လေးပတ် တစ်လကျော် လောက်ကြာတယ်။ လူငယ်တို့ ဘာတို့ကျတော့ သိပ်စိုးရိမ်စရာမရှိဘူး။ လူကြီးနဲ့ ရောဂါအခံရှိတဲ့ သူတွေကျတော့ နည်းနည်း စိုးရိမ်ရတယ်။”
ထိုသို့ဖျားနာမှုများ ရှိနေသော်လည်း ဒေသခံများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှု ခံယူမှု မပြုလုပ်ပဲ ၎င်းတို့ နီးစပ်ရာ ဒေသအတွင်းက ဆေးကုသသူများနှင့်သာ ဆေးကုသမှုခံယူကြသည်ဟု ညောင်လေးပင်ဒေသခံများဆိုသည်။
ဒေသအတွင်းက ဆေးကုသူများနှင့် ဆေးကုသမှုများ ခံယူနေသော်လည်း ကုန်စျေးနှုန်းမြှင့်တက်မှုများကြောင့် ဆေးဝါးများမှာ စျေးကြီးခြင်းနှင့် ဆေးဝါး ဝယ်ယူ၍ မရရှိသည့် အခြေအနေများအောက်တွင် ရှိနေသည်ဟု ပြောသည်။
“အမှန်မှန် ဆေးရုံ ဆေးခန်းသွားပြမယ်ဆိုရင် အကုန်လုံးကတော့ ဘာဖြစ်လို့လဲ ဆိုရင် သွားပြလည်း ဘာမှမထူး ဘူးလေ။ ဝန်ဆောင်မှုက ဘာမှဖြစ်တာမဟုတ်ဘူး။ ရွာမှာပဲ ကိုယ့်ရွာနဲ့ကိုယ့်ဇာတ်ပဲ ကကြတာပဲ ခက်ခဲတယ်။ ဆေးဖိုးလည်း ဆေးတွေလည်း တော်တော်စျေးတက်တယ်။ တစ်ဆနှစ်ဆသုံးဆလောက် တော်တော်တက်တယ်။ ဒီဖက်အခြမ်းမှာ အကုန်လုံးပါပဲ အဲဒီ ကုန်စျေးနှုန်းက အခုက ဆေးတစ်ခုတည်း မဟုတ်ဘူး။ ဆီရော၊ ဓာတ်ဆီ တွေရော အကုန်လုံး ကုန်စျေးနှုန်းက အကုန်တက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့်သော်လည်းကောင်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် သော်လည်းကောင်း ညောင် လေးပင် ခရိုင်အတွင်းက မြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ဒေသခံများမှာ သွားလာလုပ်ကိုင် စားသောက်ရန် ပိုမိုခက်ခဲလာသည့်အတွက် စားဝတ်နေရေးနှင့် အဖက်ဖက်တွင် လိုအပ်မှုများ ရှိနေသည်ဟု ဆိုသည်။
ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီး၊ ရွှေကျင် နှင့် မုန်းမြို့နယ်များသည် KNU တပ်မဟာ ၃ လက် အောက်ခံ တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ပြန်လည် ဖြစ်ပွားနေသည့် ဒေသများဖြစ်သည်။