ခိုလှုံလာမည့် စစ်သားနှင့်ရဲမိသားစုများအား NUG မှ တာဝန်ယူမည်

ခိုလှုံလာမည့် စစ်သားနှင့်ရဲမိသားစုများအား NUG မှ တာဝန်ယူမည်

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြမည့် တပ်မတော်သားများနှင့် ရဲတပ်ဝင်များ၏ မိသားစုဝင်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးကို တာဝန်ယူပေးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကတိပြုပြောဆိုလိုက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် ရဲဘော်တို့၏ မိသားစုအတွက် ခိုလှုံမည့်နေရာ အစားအသောက်နှင့် ကျန်းမာရေးထောက်ပံ့မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရကနေ လုံး၀တာဝန်ယူပါတယ်” ဟုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလမှ အောက်တိုဘာလ ၆ ရက်နေ့က ပြောကြားသည့် ပြည်သူ့ရင်ခွင်ခိုလှုံရေး တိုက်တွန်းချက်ထဲတွင် အဆိုပါအချက်ကိုပါ ထည့်သွင်းပြောကြားထားပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူရင်ခွင်ခိုလှုံရန် သက်ဆိုင်ရာနေရာများသို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် NUG အစိုးရမှ တည်ထောင်မည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် ပါဝင်လိုပါက ဆက်လက်အမှုထမ်းနိုင်ပြီး ပင်စင်လစာ ခံစားခွင့်ကိုပါ စီစဉ်ပေးမည်ဟု NUG ယာယီသမ္မတက ဆိုသည်။

“ရဲဘော်တို့ရဲ့ နိုင်ငံအပေါ် ရိုးသားတဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လုပ်သက်များကိုလည်း အသိအမှတ်ပြုပြီး အနာဂတ်တွင်ထူထောင်မယ့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ ဆက်လက်အမှုထမ်းလိုပါက အမှုထမ်းခွင့်ပြုပါမယ်။ ပင်စင်ယူလိုပါကလည်း ယူနိုင်အောင် စီစဉ်ပေးပါမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကတိပြုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များထဲတွင်လည်း  ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသော်လည်း အခြေအနေအရ စစ်ကောင်စီ၏ လက်အောက်တွင် အမှုထမ်းနေရသည့် နိုင်ငံသားကောင်းများစွာရှိနေကြောင်းကို သိရှိရသည့်အတွက် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု NUG က ဆိုသည်။

ထို့အပြင် ကိုယ်ကျိုးရှာလူတစ်စု၏အကျိုးကို သယ်ပိုးရာမှ တိုင်းပြည်အကျိုးသယ်ပိုးရန်အတွက် ပြည်သူ့ရင်ခွင်သို့ခိုလှုံရန် ဆုံးဖြတ်ချက်ချခဲ့ကြသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ချီးကျူးဂုဏ်ပြုကြောင်းနှင့် နောက်ဝင်ရောက်ခိုလှုံလာကြမည့်သူများကိုလည်း NUG အစိုးရမှ ငြိမ်းချမ်းနွေးထွေးစွာ ကြိုဆိုနေသည်ဟု ဆိုသည်။

ပြည်သူ့ရင်ခွင်လှုံလာသူများအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိအောင် လိုအပ်သည်များကို ကူညီထောက်ပံ့မည်ဖြစ်သည့်အတွက် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံနိုင်သည့် သက်ဆိုင်ရာနေရာများသို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

 
 

 

 

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...