သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်း သဘာဝတောင်ကျသောက်သုံးရေ ပိုးသတ်ဆေးအနံ့ရနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအရှေ့ဘက်ခြမ်းရှိ သဘာဝတောင်ကျရေသည် အောက်တိုဘာ ၇ မနက် ၉ နာရီမှစပြီး ရေများအမြှုပ်ထကာ ပိုးသတ်ဆေးနံ့ရနေကြောင်း ဒေသခံများက ပြောသည်။
“ရေကိုလာဖွင့်ကြည့်တော့ အမြှုပ်ထလာတာ။ ပြီးတော့ ပိုးသတ်ဆေးနံ့ အရမ်းနံတယ်။ အခုချိန်ထရနေသေးတယ်။ အဲရေကို သုံးလိုမရသေးဘူး” ဟု ဟူးကွက်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို သဘာဝတောင်ကျရေသည် ကျေးရွာနှင့် (၄) မိုင်လောက်ဝေးပြီး၊ ထိုနေရာမတွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့က တပ်ဆွဲထားသည့် နေရာဖြစ်ကြောင်းသိရသည်။
ထိုသို့ ရေအမြှုပ်ထလာခြင်းသည် ဟူးကွက်ကျေးရွာတွင် ယခင်က တခါမျှမဖြစ်ဖူးကြောင်း၊ ဒေသခံများက ဆေးအဆိပ်လာရောက်ခပ်မည်ကို စိုးရိမ်သဖြင့် ထိုရေကို မသောက်သုံးရဲကြောင်း သိရသည်။
“ကျနော်တို့က ဒီရေကိုသောက်တယ်။ ထမင်းချက်တယ်။ အကုန်သုံးတယ်။ ဒီအရှေ့ဘက်ခြမ်းရေက သဘာဝတောင်ကျရေဖြစ်တယ်။ သုံးလို့ကောင်းတယ်။ ဒီလိုရေတွေအမြှုပ်ထလာတာ အရင်က တခါမှမဖြစ်ဖူးဘူး။ အခုက ရွာအနောက်ဘက်ကရှိတဲ့ရေကို အသုံးပြုနေရတယ်” ဟု ကျေးရွာခံဒေသတဦးက ပြောသည်။
ယခုလို ရေအမြှုပ်ထလာမှုကြောင့် ကျေးရွာခံပြည်သူများက အသက်အန္တာရယ်ထိ ထိခိုက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
“ကြောက်တာပေါ့။ ကံကောင်းလို့ ဘယ်သူမှ မသုံးမိဘူး။ သောက်မိသုံးမိရင် ကျနော်တို့အသက်အတွက် စိုးရိမ်ရတယ်လေ။ သူတို့ဒီလိုလုပ်တာတော့ မကောင်းဘူး။” ဟု ဒေသခံက ထပ်လောင်းပြောသည်။
ထိုသို့ ရေအမြှုပ်ထအဆိပ်ခပ်သည့် ကိစ္စနှင့်ပတ်သတ်ပြီး (RCSS/SSA) မှ မလုပ်ရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒါက မဖြစ်နိုင်ဘူး။ ကျနော်တို့မလုပ်ရဘူး။ ကျနော်တို့ပေါ်လစီမှာလည်း ဒေသခံပြည်သူတွေကို ဒီလိုလုပ်တာမျိုးမရှိဘူး။” ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
ဟူးကွက်ကျေးရွာတွင် အရှေ့ဘက်ခြမ်းတွင် RCSS/SSA တို့က တပ်ဆွဲထားပြီး အနောက်ဘက်ခြမ်းတွင် တပ်ပေါင်းစု SSPP, TNLA တို့က တပ်ဆွဲထားကြောင်း သိရသည်။
ဟူးကွက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားချိန်တွင် RCSS/SSA တပ်ဖွဲ့က ကျေးရွာခံဒေသများကို အသွားအလာပိတ်ပင်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဩဂုတ်လကစပြီး တပ်ပေါင်းစု (SSPP/SSA, TNLA) နှင့် RCSS/SSA တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူမျာက လွတ်မြောက်ရာဒေသတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။