AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် လက္ကာရွာမှ အမျိုးသမီး ၁ ဦးအပါအဝင် ၂၃ ဦးကို ပြန်လွှတ်ပေးရန် မိသားစုနှင့် ရှေ့နေတို့တောင်းဆို

AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် လက္ကာရွာမှ အမျိုးသမီး ၁ ဦးအပါအဝင် ၂၃ ဦးကို ပြန်လွှတ်ပေးရန် မိသားစုနှင့် ရှေ့နေတို့တောင်းဆို

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့်သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ၂၃ ဦးကို ပြန်လွှတ်ပေးရန် မိသားစုဝင်များနှင့် ရှေ့နေတို့က တောင်းဆိုလိုက်သည်။

၎င်းတို့ ၂၃ ဦးအား ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

တရားစွဲခံနေရသူ လက္ကာကျေးရွာမှ ဒေါ်လှတင်နု (၄ဝ နှစ်) ၏ အစ်မ မမိုးစန္ဒာက “မြန်မြန်ဆန်ဆန်လွတ်စေချင်ပါတယ်။ ညီမလေးကပိန်လည်း တအားပိန်နေတာဆိုတော့ သူ့ကျန်းမာရေးကိုလည်း စိုးရိမ်တယ်။ စားရသောက်ရတာတွေလည်း အဆင်ပြေလိမ့်မှာမဟုတ်တော့ မြန်မြန်လွတ်စေချင်ပြီ” ဟု ပြောသည်။

ဒေါ်လှတင်နုသည် မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းအတွင်းခိုလှုံနေစဉ် AA နှင့်ဆက်စစ်သံသယဖြင့် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် သူမနှင့်အတူ နောက်ထပ် လက္ကာရွာသား ၂၂ ဦးလည်း AA နှင့် ဆက်စပ်သည့်သံသယဖြင့် စစ်တွေခရိုင်တရားရုံးတွင် တရားစွဲခံထားရသည်ဟု သိရသည်။

၄င်းတို့ ၂၃ ဦးသည် ၁၉၄၉ လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မ၂၁ (က) နှင့် ရာကြီးအမှတ် ၂/ ၂ဝ၂ဝ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ ၅ဝ(စျ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၅၉/၂ဝ၁၉နှင့် ၅ဝ(က)၊ ၅ဝ(စျ)၊ ၅၂(က)၊ ၅၄နှင့်  ၆ဝ/ ၂ဝ၁၉ ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသည့် Min Hti Law Firm အဖွဲ့မှဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကလည်း သူ့အမှုသည်များသည် AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခင်ကတည်းက ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု ပြောသည်။

လက်ရှိတွင် AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်လိုက်ပြီဟု ကြေညာထားပြီဖြစ်သော်လည်း ယခုအချိန်အထိ ၎င်းတို့၏အမှုကို ရုပ်သိမ်းခြင်းမရှိသေးသည့်အတွက် အမှုသည်များတွင် လွန်စွာနစ်မှုရှိနေကြောင်း ပြောသည်။

“အကြမ်းဖက်မကြေညာခင်ကတည်းက ဖမ်းထားတာ ကြေညာပြီးတဲ့နောက်လည်း အမှုကို မရုပ်သိမ်းပေးသေးဘူး။ သိပ်နစ်နာတယ်။ ဒီနေ့မှာ သူတို့အားလုံးကို စစ်ဆေးမှုတော့လုပ်ခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ အခြေအနေကြည့်ရမယ်” ဟုပြောသည်။

၄င်းတို့အား လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

တရားစွဲခံထားရသူ ၂၃ ဦးအနက် ဒေါ်လှတင်နုမှအပ ကျန် ၂၂ ဦးသည် ၂ဝ၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့ညက မြောက်ဦးမြို့ရှိ ရဲတပ်ရင်း ၃၁ တိုက်ခိုက်ခံရပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီလ ၁ဝ ရက်တွင် သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စတင်ဖမ်းဆီးခံခဲ့ရစဉ်က လက္ကာရွာသား ၂၇ ဦးဖြစ်သော်လည်း ရွာသား ၃ ဦးသည် စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

ကျန်ရှိသည့် ရွာသား ၂၄ ဦးအနက် ပြီးခဲ့သည့် မတ်လက နစကကောင်စီက ကလေးသူငယ်အမှု ၁၇ မှုကို ပြန်လည်ရုပ်သိမ်းရာတွင် မောင်စိုးမင်းဦးနှင့် မောင်စိုးမိုးကျော်တို့နှစ်ဦး ပြန်လွတ်လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အမှုဖြင့်တရားစွဲခံခဲ့ရသူ ၃၅ ဦးကို စက်တင်ဘာလအတွင်း အမှုမှရုပ်သိမ်းပေးထားပြီး အကြမ်းဖက်အမှုဖြင့်တရားစွဲခံခဲ့ရသူ နောက်ထပ် ၃၆ ဦးကိုလည်း ဆက်လက်ရုပ်သိမ်းပေးသွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောဆိုထားသည်။

ရခိုင်တွင် အကြမ်းဖက်အမှုဖြင့်တရားစွဲခံနေရသူ ၂ဝဝ ခန့်ရှိနေသေးသည်ဟုလည်း စစ်တမ်းကောက်ယူထားသည့်အဖွဲ့အစည်းများမှ သိရသည်။

 
 

 

 

November 20, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်၂၀၀၀၀ ကျော်အတွက် ရိက္ခာ၊ စောင်နှင့်...
ဂွက ထွက်ပြေးနေကြရသူများ/ ပုံဟောင်
November 19, 2024
အာရက္ခတပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့် အကွာ...
November 19, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း...
November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...