မြိတ်ခရိုင်ရှိ ငါးဖမ်းပိုက်လှေငယ်ထက်ဝက်ခန့် ရပ်နားနေရ

မြိတ်ခရိုင်ရှိ ငါးဖမ်းပိုက်လှေငယ်ထက်ဝက်ခန့် ရပ်နားနေရ

စက်သုံးဆီ ဈေးနှုန်းကြီးမြင့်လာပြီး လုပ်ငန်းအရှုံးပေါ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်း ပိုက်လှေထက်ဝက်ခန့် ရပ်နားထားရကြောင်း ပိုက်လှေငယ်ပိုင်ရှင်များက ပြောသည်။

လှေခုတ်မောင်းနေသည့် စက်သုံးလောင်စာဆီ ဈေးတက်ပြီး ငါးဈေးကျဆင်းနေမှုနှင့် လှေထွက်စားရိတ် ကြီးမြင့်နေမှုများကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု မြိတ်မြို့ ထားဝယ်ကမ်းရပ်တွင်နေထိုင်သူ ကမ်းနီးငါးဖမ်းပိုက်လှေရှင် ကိုသောင်းတင်က ပြောသည်။

“ငါးအဝယ်ဈေးက အရင်တုန်းကထက် တဝက်နီးပါးဈေးကျတယ်။ ငါးတစ်ကီလို ၅၀၀ ကျပ်ကျော်အထိကို ကျနေတာ၊ စက်သုံးလောင်စာဆီဈေးက တက်နေတော့ တွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းရပ်နားပြီး လှေရောင်းပစ်တဲ့သူတွေတောင်ရှိနေတယ်” ဟု ကိုသောင်းတင်က ပြောသည်။

လက်ရှိတွင် ကမ်းနီးငါးဖမ်းပိုက်လှေငယ် ထက်ဝက်ခန့်သာ အလုပ်ဝင်နိုင်ကြပြီး ဆယ်စီးခန့်ရှိသူများက ၅ စီးခန့်နှင့် နှစ်စီးရှိသူများက တစ်စီးမျှသာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း ထွက်ခွာနိုင်သည်ဟု ပိုက်လှေငယ်ပိုင်ရှင်များက ပြောသည်။

ပင်လယ်ပြင်သို့ လှေတစ်ခေါက်ထွက်လျှင် ၁၂ ရက်ခန့်ကြာပြီး စက်သုံးဆီ ဂါလံ ၃၀ ခန့်ကုန်ကျကာ ခန့်မှန်းကုန်ကျငွေ ဆီဖိုး ကျပ် ၃ သိန်း ကျော်ခန့်ကျသင့်ပြီး လက်ရှိ မြိတ်၏ဆီဈေးမှာ တစ်ဂါလံလျှင် ကျပ် ၇၀၀၀ ခန့်ရှိသည်။

စက်သုံးလောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ ယခုထက် ပိုမိုမြင့်တက်လာပါက ထပ်မံရပ်နားရမည့် ငါးဖမ်းလှေငယ်များ ပိုများလာနိုင်သည်ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ဆိုသည်။

ထို့သို့ စက်သုံးဆီဈေးမြှင့်နေချိန်တွင် ကမ်းဝေးငါးဖမ်းလှေများအား ဝင်ရောက်ဖမ်းဆီးခြင်းမပြုရန်နှင့် သတ်မှတ်ထားသည့် ကမ်းနီးရေတိမ်နေရာများသို့လည်း ဝင်ရောက်ဖမ်းဆီးနေခြင်းသည် လုပ်ငန်းရပ်နားထားရသည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်ဟု ကမ်းနီးကမ်းဝေး ရေလုပ်သားများက ပြောသည်။

စစ်တပ်က အာဏာမသိမ်းမှီ အသင့်အတင့် အဆင်ပြေလည်ခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြိတ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေကြီးများ စည်းကမ်းမဲ့စွာဖြင့် သတ်မှတ်ထားသည့် ကမ်းနီးရေတိမ်အတွင်းပိုင်းအထိ တရားမဝင် ဝင်ရောက်ခိုးဆွဲနေခြင်းများလည်း ရှိနေသည်ဟု ကမ်းနီးလှေ ရေလုပ်သားများက ပြောသည်။

“ညဘက်ဆို ပိုဆိုးတယ် ဖြဲဖြဲဖြူနေအောင် မီးထိန်ထိန်လင်းနေအောင် ကမ်းဝေးခိုးဆွဲလှေတွေများနေတာ၊ ကျနော်တို့လှေငယ်လေးတွေက ဘုံစနစ် အစုစားနဲ့ အလုပ်လုပ်ကြရတာ၊ ပိုက်၊ စက်၊ လှေ၊ လှေဦးစီး၊ လှေသား အလုံးရရှိတဲ့ငွေကြေးအပေါ် အစုခွဲဝေယူကြရတာပါ၊ ရပ်နားတဲ့လှေက မိသားစုတွေ စားဝတ်နေရေး ခက်ခဲကုန်ပြီ” ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ပြောသည်။

မြိတ်ခရိုင် ကမ်းနီးရေပိုက်နက်အတွင်း ငါးဖမ်းကွက်များတွင် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ၊ ပုဇွန်ဖမ်းပိုက်များသည် ကမ်းဝေးလှေကြီးများကြောင့် မကြာခဏ ချိတ်ငြိပျက်စီးနေသဖြင့် ကမ်းနီးငါးဖမ်းရေလုပ်သားများ စိတ်ပျက်ညည်းတွားလျက်ရှိသည်။

“စခန်းသစ်ကျေးရွာအရှေ့က ကမ်းနီးငါးဖမ်းပိုက်ကွက်ဖြစ်တဲ့ သားများမိ၊ ဝက်ဖြူကျွန်း၊ ဒုံးကျွန်း သဲဖြူကျွန်း တို့အထိ ရေအနက် ၇ လံ လောက်နေရာတွေတောင် ဝင်ဆွဲနေတော့ ကျနော်တို့ကမ်းနီးပိုက်လှေငယ်လေးတွေမှာ ငါးဖမ်းမရတော့ဘူး၊ ပိုက်တွေပျက်စီးတယ်၊ တာဝန်ရှိတဲ့ ငါးဦးစီးကလဲ ဘာတခုမှ အရေးယူတာမတွေ့ရဘူး” ဟု ကိုသားကြီးက ဆက်ပြောသည်။

လှေမထွက်လျှင် ၎င်းတို့အား မှီခိုနေသည့် မိသားစုဝင်များ အငတ်ဘေးရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လှေလုပ်သားများသည် စားဝတ်နေရေးတစ်စုံတစ်ရာ အဆင်ပြေနိုင်ရေး တွက်ခြေမကိုက်သော်လည်း လက်ရှိတွင် အရှုံးခံပြီး လှေထွက်နေရသည်ဟု ဆိုကြသည်။

သို့သော်လည်း ပိုက်လှေငယ်ပိုင်ရှင်၊ ကမ်းနီး ကမ်းဝေး ရေလုပ်သားများအနေဖြင့် ရေရှည်တွင် တောင့်ခံနိုင်မည်ဟု မထင်ကြောင်း ကိုသားကြီးက ဆက်ပြောသည်။

မြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး ၁၅၀၀ ခန့်နှင့် ကမ်းနီးငါးဖမ်းလှေ ငါးထောင်ကျော်ရှိနေကာ၊ နှစ်စဉ် ကမ်းဝေးလှေကြီးများအနေဖြင့် ငါးသားပေါက်ရာသီတွင် သုံးလခန့်ရပ်နားထားရပြီး ကမ်းနီးလှေများကိုမူ တစ်နှစ်ပတ်လုံး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းခွင့်ပြုထားသည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...