စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခဖြစ်ပေါ်စေနိုင်ဟုဆိုကာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုတ်ချကန့်ကွက်

စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခဖြစ်ပေါ်စေနိုင်ဟုဆိုကာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုတ်ချကန့်ကွက်

အာဏာသိမ်းစစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန်ရှုတ်ချကန့်ကွက်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(Chin Baptist Convention) မှ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိပြည်တွင်းစစ်ရေးတင်းမာမှုများနှင့် ထိတွေ့တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ချင်းပြည်အတွင်း ဒေသအသီးသီးရှိ ခရစ်ယာန်ဘုရားရှိခိုုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများအတွင်း အရက်သေစာသောက်စားခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များ ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဘုရားရှိခိုးကျောင်း အဆောက်အဦးများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲများတွင် အလွန်အကျွံ လက်နက်ကြီးများအသုံးပြုခြင်းဖြင့်  မြို့ရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းခြင်း စသည့် ရိုင်းစိုင်း သောပြုမူဆောင်ခြင်းများသည် မိမိတို့ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကားပြီး ထိုဘာသာတရားကို သက်ဝင်ယုံကြည်သူလူမျိုးများကိုလည်း မထီမဲ့မြင်ပြုရာရောက်သည် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာလောဟာလိန်းက “ ဘုရားကျောင်းတွေ ကို ကြိုက်သလိုပစ်ခတ် ဖျက်ဆီး၊ ဘာသာရေးအထွဋ်မြတ်တွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ သီချင်းစာအုပ်တွေဖျက်ဆီးတာ တွေလုပ်ပေါင်းကများလှပြီ မင်းတပ်မှာလည်း Grace Baptist Church မှာလည်းဖြစ်ခဲ့ပြီးပြီ၊ ဖလမ်းမြို့နယ်က တာလ် နှစ်ခြင်းအသင်းတော်မှာလည်းဖြစ်ခဲ့ပြီးပြီ၊ နောက်ထန်တလန်မှာလည်း ဂျွန်ဆင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာလည်း ပဲပစ်ခတ်ဖျက်ဆီးတာရှိခဲ့ပြီးပြီ၊ ဒါတွေက လုံးဝမဖြစ်ရမယ့်ကိစ္စဖြစ်တယ်၊ နိုင်ငံရေးပဋိပက္ခဖြစ်တဲ့အခါမှာ နိုင်ငံရေးပဋိပက္ခက နိုင်ငံရေးပဋိပက္ခပေါ့ ဒါပေမယ့် ဒီဟာတွေကို ဆက်ပြီးတော့ မိုက်မိုက်ရိုင်းရိုင်း လူမိုက်ဆန်ဆန်ဆက်ပြီးတော့ဖြစ်နေမယ်ဆို ရင်တော့ နိုင်ငံရေးပဋိပက္ခသာ မကဘဲနဲ့ လူမျိူးရေး၊ ဘာသာရေးပဋိပက္ခအသွင်သဏ္ဍာန်တွေရှိလာနိုင်တဲ့အတွက်ကြောင့် ဒါတွေကိုကျနော်တို့က ပြင်းပြင်း ထန်ထန်ရှုတ်ချတဲ့သဘောဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်အလွန်အကျွံအသုံးပြုပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များမီးလောင်းကျွမ်းသဖြင့် မီးလောင်နေသောလူနေအိမ်များအား မီးငြိမ်းသတ်ရန်ပြင်ဆင်ကြသော နှစ်ခြင်းခရစ်ယာန်လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတစ်ပါး ပါစတာ ကျူံးဗျက်ဟုမ်း ကွယ်လွန်ခဲ့ပြီး ပါစတာ၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူ သွားကြောင်း တုန်လှုပ်ခြောက်ခြား နာကြည်းဖွယ်ရာတွေ့ရှိခဲ့သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပဋိပက္ခများကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ၊ ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိရာ ယင်းကိစ္စကို မှန်ကန်သော နိုင်ငံရေးနည်းလမ်းဖြင့် တရားမျှတစွာ အဖြေရှာလျက် စည်းလုံးညီညွတ်၍ ငြိမ်းချမ်းသော ပြည်ထောင်စုကို သာ တည်ဆောက်စေလိုသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောဆိုထားသည်။

 
 

 

 

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...