ချန်ပီယံရုံထဲမှာ အမိုးစိမ်းရုံဆိုတာ ရှိတယ်။ ခေါင်မိုးက အစိမ်းရောင်။
မဲဆောက်မြို့စွန်က မက်ခရို ကုန်တိုက်နားတွင် ချန်ပီယံ စက်ချုပ်ရုံ ရှိသည်။ ယင်းစက်ရုံနား တစ်ဝိုက်မှာ မြန်မာပြည်သား အများကြီး ရှိ၏။ ယင်းစက်ရုံ အရှေ့၌ ကဗျာဆရာ ကိုငြိမ်းဝေ၏ စာကြည့်တိုက်လည်း ရှိသည်။ ထိုမှ မဲဆောက် ဈေးဘက်သို့ ဆယ်မိနစ်ခန့် ဆက်လျှောက်သွားလျှင် ဦးအောင် မုန့်ဟင်းခါးဆိုင် ရှိသည်။ ရှေ့ဆက်သွားပါက မဲဆောက်ဈေးကို ရောက်သည်။
မဲဆောက်မြို့ အပြင်ဘက်မှ ရွာကြီးများဖြစ်ကြသည့် မယ်ပရွာ နှင့် မယ်ကုရွာ တို့တွင် ကျပန်း အလုပ်လုပ်ရန် လူလို သောအခါ ချန်ပီယံရုံ အနီး၌ ကားထိုးရပ်၍ အလုပ်သမား လာခေါ်တတ်ကြသည်။ ယင်းကားများ ရောက်လာသည့်အခါ အလုပ်လုပ်ချင်သည့် မြန်မာ အလုပ်သမားများသည် ကားပေါ်သို့ ပြေးတက်သွားပြီး လိုက်ပါသွားကြ၏။ မနက် ခုနစ်နာရီ ရှစ်နာရီခန့်အချိန်လောက်တွင် ထိုကားများ လာတတ်သောကြောင့် မြန်မာ အလုပ်သမားများသည် ထမင်းချိုင့်ကလေးများ ပြင်ပြီး စောင့်နေတတ်ကြသည်။ အချို့ကလည်း ထိုင်းစတိုင် ကောက်ညှင်းနှင့် ကြက်ကျော်လေးပဲ ဖြစ်ဖြစ် ကောက်ညှင်းနှင့် ငါးသေတ္တာလေးပဲ ဖြစ်ဖြစ် ထည့်ကာ ထမင်းချိတ်ပြင်ထားကြ၏။
စက်ရုံကို ဝင်မည်ဆိုပါက သက်ဆိုင်သည့် ပညာတတ်ဖို့ လိုအပ်သည်။ သိုးမွေးစက်ရုံကို ဝင်မည်ဆိုပါက သိုးမွှေးဆွဲတတ်ဖို့ လို၏။ စက်ချုပ်ဆိုလည်း စက်ချုပ်တတ်မှ ဝင်လို့ရတာ။ မတတ်လျှင် ဝင်လို့မရပါ။ စက်ရုံက မသင်ပေးပါ။ အပြင်မှာ ပိုက်ဆံပေးပြီး သင်ကြရ၏။ သင်ခက ဘတ်သုံးရာ ပေးရသည်။ တစ်ပတ်လောက်ပဲ သင်ပေး၏။ စက်နင်း တတ် ချုပ်တတ်ရုံဘဲ သင်ပေးခြင်း ဖြစ်သည်။ ထို့နောက် စက်ရုံက လူခေါ်လျှင် သွားလျှောက်။ စက်နင်းပြ ချုပ်ပြ။ အရွေးခံရရင် အလုပ်ရပြီ။
သူကား သိုးမွှေးမဆွဲတတ်သောကြောင့် အလုပ်လျှောက်၍ မရပါ။ ချန်ပီယံ စက်ရုံတွင် ဝင်ချင်သောကြောင့် သူသည် သိုးမွှေးဆွဲနည်းကို သင်သည်။ သူကား အပြင်တွင် ပိုက်ဆံပေးစရာမလိုဘဲ မယ်တော် ကမ်းနဖူးတွင် အသစ် ဖွင့်သည့် သူဌေးမ စက်ရုံမှ လူသစ်များကို ခေါ်ကာ သင်ပေးခြင်းကြောင့် ထိုစက်ရုံက သင်ပေးသောကြောင့် သိုးမွေးကို ကောင်း ကောင်း ဆွဲတတ်ခဲ့လေသည်။ သူသည် သူဌေးမ ရုံတွင် လအနည်းငယ် လုပ်ခဲ့ပြီးနောက် သူလုပ်ချင်သည့် ချန်ပီယံ ရုံမှာ လူခေါ်သည့်အချိန်တွင် သွားလျှောက်ခဲ့ရာ အလုပ်ရလေသည်။
ယင်းစက်ရုံတွင် ကိုကျော်မင်းနှင့် တွေ့ကြသည်။ တကယ်တော့ သူက မြန်မာပြည်မှာတုန်းက အင်ဂျင်နီယာ တစ် ယောက်ပါ။ နိုင်ငံရေးကြောင့် အဖမ်းမခံဘဲ နယ်စပ်ကို ထွက်လာပြီး စက်ပြင်ဆရာ မီးဆရာ အဖြစ်နှင့် ခိုနေ နေခြင်း ဖြစ်၏။ မြှုပ်နေခြင်းဖြစ်သည်။ ကိုကျော်မင်းဆီကို ခေတ်ပြိုင် ဂျာနယ်နှင့် တခြားသော တော်လှန်ရေး နိုင်ငံရေး စာစောင်များလည်း ရောက်ကြ၏။ သူက အလုပ်သမားများအာ ယင်းစာစောင်များ ဂျာနယ်များကို ပေးကာ ဖတ်စေ၏။
ချန်ပီယံ စက်ရုံရှိရာနှင့်ချီသော အလုပ်သမားများထဲမှ သူနှင့် ကျော်ဝေစိုး။ အောင်သိန်းထိုက်တို့မှာ နိုင်ငံရေးကို စိတ်ဝင်စားသူများဖြစ်ကြောင်း ကိုကျော်မင်းက အကဲခတ်မိလေသည်။ ထို့ကြောင့် သူတို့ သုံးယောက်နှင့် ညနေ အလုပ်သိမ်းချိန်များ၌ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေး အခြေအနေများ နယ်စပ်ဒေသမှ အလုပ်သမားများ အရေး စသည်တို့ကို ပြောဆိုဆွေးနွေးတတ်ကြ၏။ အောင်သိန်းထိုက်မှာ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်ထားသူ ဖြစ်သည်။ အင်္ဂလိပ်စာလည်း အလွန် ကောင်း၏။
ထို့နောက် ကျော်မင်းသည် သူတို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ဦးတင်အောင်ဆီ ခေါ်သွားပြီး ချိတ်ဆက် ပေးလေ၏။ သူက ဦးတင်အောင်နှင့် တနယ်တည်းသား။ သူတို့ကို ဖိုးကြွတက်ကလေးတွေ ဆိုပြီး ပို့လိုက်ခြင်းဖြစ်သည်။ သို့နှင့် မဲဆောက်တွင် အလုပ်လာလုပ်ရင်း နိုင်ငံရေးလောကနှင့် ချိတ်မိသွားခြင်းဖြစ်၏။ သူက လူပျို လူလွတ် ဆိုတော့ ငွေရေး ကြေးရေး သိပ်ပြီး ခေါင်းထဲ ထည့်သူမဟုတ်ချေ။ အထက်တန်း ကျောင်းသား ဘဝကတည်းက ဝင်လာခဲ့သော နိုင်ငံရေး ဓာတ်ခံလည်း ရှိသဖြင့် သူသည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ နောက်ဆုံးတွင် စက်ရုံအလုပ်ကပါ ထွက်ပစ်လိုက်ပြီး ရုံးမှာ သွားနေပစ်လိုက်လေ၏။ နိုင်ငံရေးလောကထဲကို ခြေစုံပစ် ဝင်လိုက် ခြင်းပင်။ သို့နှင့် သူ့ကို ဦးတင်အောင်က မိုးကြိုးသတင်းစာတိုက်မှ ဦးသန်းထွတ်ဆီနှင့် ဆက်ပေးသည်။
ရုံးကနေပြီး စက်ရုံများသို့ သွားကာ ပြောဆို စည်းရုံးခြင်းနှင့် စာစောင်များ ဖြန့်ချိခြင်း စသည့်အလုပ်များကို စတင် လုပ် ရသည်။ ထို့နောက် ပြည်တွင်းထဲသို့ သွားကာ မြေအောက် လုပ်ငန်းများကို စမ်းသပ် စေခိုင်းလာသည်။ ပြည်တွင်းတွင် လှုပ်ရှားနေကြသည့် ကဗျာဆရာ အောင်ပွင့်။ နေဇော်နိုင် ခေါ် ကိုပုည။ ကိုခင်လွန်း။ ကိုငြိမ်းသစ် တို့နှင့် သိရှိလာခဲ့ရသည်။
နယ်စပ်ဒေသရဲ့ နိုင်ငံရေး ရေချိန်မှာလည်း အလွန် မြင့်တက်နေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို စွမ်းအားမြင့် စစ်သည်တော်များ အဖွဲ့ ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ကြသည်။
မဲဆောက်တွင်လည်း ကျောင်းသားတပ်မတော်မှ ကိုဝင်းမင်းတို့က နိုင်ငံရေး အန်တုမှု သင်တန်းများကို ပို့ချလျှက် ရှိသည်။ အင်္ဂလိပ်လူမျိုး ဂျင်းရှပ် ရေးသည့် နိုင်ငံရေး အန်တုမှု လက်စွဲ စာအုပ်ကို သင်ကြားပေးခြင်း ဖြစ်သည်။ အတိုကောက်အားဖြင့် ပီဒီ (Political Defiance) ဟု ခေါ်ကြသည်။
ပထမဆုံး သူနှင့် ယူဂျီ တွဲလုပ်ရတဲ့သူကား စိုးမိုး။ ရန်ကုန် သင်္ဃန်းကျွန်းသား ဖြစ်သည်။ စိုးမိုးကို ခေါ်လာသူမှာ သူနှင့် ကျော်ဝေစိုး ဖြစ်၏။ စိုးမိုးဆိုသည်မှာ သူ့နာမည်ရင်း မဟုတ်။ သူက ယူဂျီ လုပ်ရာတွင် အသုံးပြုရန် ပေးထားသည့် နာမည်ဖြစ်သည်။
ပြဿနာက ဒီကောင်က အရက်သောက်တတ်၏။ မူးမူးရူးရူးနှင့်လုပ်သောကြောင့် လုပ်ငန်းမအောင်မြင်ခဲ့ချေ။ လုပ်ပုံကိုင်ပုံ မပိရိ။ အရက်မူးမူးနှင့် ဒီကေဘီအေဆီက သေနတ်ကို သွားလွယ်တာမျိုး လုပ်သည်။ ပြီးတော့ စိုးမိုးက သူ့ကိုလည်း မျက်စပစ်ပြီး ငါတို့ သင်တန်းတက်တုန်းက ဘယ်လို ဘာညာ ပါးစပ် ဖွာနေပြန်သည်။
မြောက်ကြွမြောက်ကြွနှင့် သူလုပ်နေပုံက အန္တရာယ်ကို ဖိတ်ခေါ်နေသည်။ တကယ်တမ်းမှာ သူက ဒီကောင်က ဘာမှလည်းဟုတ်တာမဟုတ်ဘူး။ လူတွေက ဒီကေဘီအေ ကားများက ပိုလုံခြုံသည်ဟု ယုံကြည်ကြသောကြောင့် မြဝတီ ဘားအံလိုင်းမှာ လူအများက စီးကြခြင်းဖြစ်သည်။ သူတို့က သေနတ်နဲ့ ကားပေါ်တွင် လိုက်ပါပြီး စောင့်ရှောက်ပေးကြ သည်။
သူတို့လုပ်ရသည့် ပြည်တွင်း မြေအောက်လုပ်ငန်းက ပြည်ပမှ ထုတ်ဝေသည့် သတင်းစာ ဂျာနယ်များကို ပြည်တွင်းသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ပြည်ပမှ ထုတ်ဝေသည့် စာစောင်တစ်စောင် သတင်းစာ တစ်စောင်ကို လက်ဝယ် ဖမ်းမိလျှင် ထောင်ခုနစ်နှစ် အပြစ်ပေးခံရနိုင်သည့် ကာလတွင် သူကား ထိုအလုပ်ကို ထောင်နှုတ်ခမ်းကိုနင်းကာ နိုင်ငံရေး ခံယူချက်ဖြင့် လုပ်ခဲ့ခြင်းဖြစ်သည်။
စိုးမိုးနှင့် သွားတုန်းက ဖျာလိပ်ထဲ ညှပ်သွား၏။ ဒေါနတောင်ကျော်ပြီး ကော့ကရိတ်ထိ ရောက်ခဲ့သည်။ တာဝန်အရ သူက ပစ္စ္စည်းကို တင်ပေးရပြီး ဒီကောင်က ကားပေါ်တက်လိုက်ရမည့် အလှည့်ဖြစ်သည်။ သူ ပို့ပေးရမှာက ကော့ကရိတ် ထိဖြစ်၏။ ကော့ကရိတ်မှ ဘားအံထိ ဒီကောင်က တာဝန်ယူ သယ်ရမည် ဖြစ်သည်။ သို့သော် သူက တစ်လမ်းလုံးတွင် အရက်မူးမူးနှင့် ပါးစပ်မှလည်း ဟောင်ဖွာဖွာဖြင့် စည်းမရှိကမ်းမရှိ ထင်ရာကို လျှောက်ပြောလာသောကြောင့် သူလည်း တစ်လမ်းလုံး စိတ်တထင့်ထင့်ဖြင့် လိုက်ပါခဲ့ရသည်။
လူနှစ်ယောက် သွားခြင်းမှာ တစ်ယောက်က သယ်လာသည့် ပစ္စည်းထုပ်ကို ကားပေါ်တွင်ပေးလျှင် နောက်တစ် ယောက်က ဆင်းမည့် ကားဂိတ်သို့ ရောက်သည့်အခါ အခြေအနေကောင်းလျှင် ဆွဲချပြီး နောက်တစ်ကားပေါ်သို့ ဆက်တင်ရေး ရန်ဖြစ်၏။ ကားပေါ်ပါလာသူက ယင်းအထုပ်ကို တစ်စုံတစ်ယောက်က ဖြစ်စေ ရှာဖွေရေးက ဖြစ်စေ ဖွင့်ကြည့်သလား မကြည့်သလားကို အမြဲတမ်း သတိထား ကြည့်နေရသည်။ တင်ပေးလိုက်သူက ယင်းကားနှင့် မလိုက်လာဘဲ အခြား တစ်ကားနှင့် လာရသည်။ သို့မှသာ သက်ဆိုင်ရာက ရှာဖွေတွေ့ရှိသွားခဲ့သည် ရှိသော် ပိုင်ရှင်မဲ့ ဖြစ်သွားစေရန် ကြိုတင် စီမံထားခြင်း ဖြစ်၏။
တကယ်လို့ ယင်းပစ္စည်းကို သက်ဆိုင်ရာက လမ်းမှာ ဖွင့်တာ ပြုတာ လုပ်ပြီးသွားပြီဆိုလျှင် အဆုံးခံပြီး လူလွတ်အောင် ပြေးရမည်။ ပစ္စည်းထက် လူက ပိုအရေးကြီး၏။ ယခု ဒီကောင် စိုးမိုးလုပ်ပုံက ကားတစ်စီးတည်းတွင် လူနှစ်ယောက်စလုံး အတူစီးကာ လိုက်လာသလို ပစ္စည်းထုပ်ကိုလည်း ကြိုတင် စီစဉ်ထားသည့်အတိုင်း မလုပ်ဘဲ ကားဂိတ်မှ သူနှင့် သိသည်ဆိုသော သူထံတွင် အပ်နှံလေ၏။ အတိုင်အဖောက် အချိတ်အဆက်က မညီတော့ဘဲ အလွဲလွဲ အချော်ချော် ဖြစ်ကာ ဘားအံသို့ ရောက်သောအခါ သူအပ်ထားသည့် အထုပ်က ပါမလာတော့ချေ။
ဌေးဝင်း
အပိုင်း (၃) ဆက်ရန် …