မြန်မာစစ်တပ်က ရခိုင်ပြည်အတွင်းမှာ တပ်အင်းအားဖြည့်တင်းလာတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ မြန်မာစစ်တပ်ကတော့ အဲဒီအချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမယ့် DMG သတင်းရင်းမြစ်အရ ဂွ၊ တောင်ကုတ်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ မြန်မာစစ်တပ်က တပ်အင်အား တိုးချဲ့နေတာကို သိထားပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုထားပါတယ်။
လက်ရှိ အနေအထားမှာလည်း ရက္ခိုင့်တပ်တော် (အေအေ) က အုပ်ချုပ်ရေး ယန္တရားတွေကို တိုးချဲ့လာပြီး တရားစီရင်ရေးကိစ္စကိုပါ ဆောင်ရွက်လာတာတွေကို တွေ့မြင်လာရပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ယင်းကဲ့သို့ လုပ်ဆောင်မှုတွေဟာ မြန်မာစစ်တပ်အတွက်တော့ နားရွက်ကို တံတွေးဆွတ်ခံရသလို ဖြစ်နေမှာတော့ အသေအချာပါပဲ။
ပြဿနာက ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပါပဲ။ ပြည်သူဆိုတာကလည်း နီးရာဓါးကို ကြောက်နေရတဲ့ ဘဝတွေနဲ့ ရှင်သန်နေရတာပါ။ ရက္ခိုင့်တပ်တော်က ရွာထဲကို ဝင်လာရင်လည်း ပူးပေါင်းဆောင်ရွက်ရသလို မြန်မာစစ်တပ်က ရွာထဲကို ဝင်လာရင်လည်း မပူးပေါင်း မဆောင်ရွက်လို့ မရပါဘူး။
တစ်ဖက်မှာလည်း နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးအရေးယူမှုတွေကိုလည်း ခံနေရပါသေးတယ်။ ရက္ခိုင့်တပ်တော်ကလည်း တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူတာတွေရှိသလို မြန်မာစစ်တပ်အနေနဲ့လည်း သူပုန်အားပေးဆိုတဲ့ သံသယနဲ့ ဖမ်းဆီး၊ သတ်ဖြတ် အရေးယူမှုတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အများကြီး ပြုလုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။
လက်ရှိအနေအထားမှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်ဆိုပေမဲ့ ဒီအခြေအနေဟာ အမြဲတမ်း တည်ငြိမ်နေလိမ့်မယ်လို့တော့ တထစ်ချ ယုံကြည်ထားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်မှူးချုပ်ကိုယ်တိုင်က မြန်မာစစ်တပ်နဲ့ တစ်စုံတရာ သဘောတူ လက်မှတ်ထိုးထားတာမျိုး မရှိဘူးလို့ ပြောဆိုထားတာကြောင့်ပါ။
မျက်မှောက်အချိန်မှာတော့ ရက္ခိုင့်တပ်တော် အနေနဲ့ ကျေးလက်ကို သိမ်းပိုက်ပြီး မြို့ပြကို တစတစ ဝိုင်းရံဆိုတဲ့ ပုံစံမျိုးနဲ့ အုပ်ချုပ်ရေး ယန္တရားကို ချဲ့ထွင်လာတဲ့ သဘောကို ဆောင်နေပါတယ်။ ယင်းအခြေအနေကိုလည်း ဒေသခံပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာကို မြင်တွေ့လာရပါတယ်။ သို့သော်လည်း ပြည်သူတွေရဲ့ ထောက်ခံယုံကြည်မှုကို ဒီထက်မက ရရှိနိုင်ဖို့ဆိုရင် အောက်ခြေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တာဝန်ရှိသူတွေအနေနဲ့ကတော့ ပုဂ္ဂိုလ်ရေးအာဃာတတွေမရှိဘဲ အဂတိတရား ကင်းရှင်းဖို့ လိုပါလိမ့်မယ်။
မြန်မာစစ်တပ်မှာကတော့ အကြမ်းဖက်တဲ့လုပ်ရပ်ဆိုတာ ထူးခြားဆန်းပြားတာမျိုး မဟုတ်တော့ပါဘူး။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ရွာလုံးကျွတ် မီးရှို့တာ၊ ရွာသားတွေကို သူပုန်လို့ စွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်တာမျိုးတွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ယဉ်ပါးနေပြီးသား ဖြစ်ပါတယ်။
ယခုအခြေအနေဟာ မြေပြင်အနေအထားမှာ စစ်ရေးတည်ငြိမ်နေပေမဲ့လည်း အုပ်ချုပ်ရေး အားပြိုင်မှုတွေကြောင့် အတွင်းသဏ္ဍာန်မှာတော့ စစ်ရေးတင်းမာနေတယ်လို့ သုံးသပ်ရပါတယ်။
ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတဲ့ တိုက်ပွဲကာလ ၂ နှစ်ကျော်အတွင်းမှာ ရခိုင်ပြည်အတွင်းက အပြစ်မဲ့ပြည်သူတွေ ၃၀၀ ကျော် သေဆုံးခဲ့ကြရပြီး လူပေါင်း ၆၀၀ ကျော်ဟာလည်း ထိခိုက် ဒဏ်ရမှုတွေကို ကြုံတွေ့ခဲ့ကြရသလို နှစ်သိန်းကျော်တဲ့ ပြည်သူတွေဟာလည်း စစ်ဘေးရှောင်ဘဝနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပါတယ်။
ဒါတွေဟာ စစ်ပွဲတစ်ခုရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ အကယ်၍ နောက်ထပ်တစ်ကြိမ် တိုက်ပွဲတွေ ပြင်းထန်လာခဲ့ရင် ပြည်သူတွေလည်း မြေစာပင်ဘဝကို ထပ်ရောက်ကြမှာ မလွဲပေ။ အရင် ကြုံတွေ့ခဲ့ကြတဲ့ အခြေအနေထက်ပင် ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်ခြေ ရှိနိုင်ပါသေးတယ်။
နောက်ထပ်တစ်ကြိမ် အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲပြန်ဖြစ်ခဲ့ရင် သေချာတာကတော့ သူပုန်လို့စွပ်စွဲခရပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံရမည့် အရေအတွက်ကတော့ ပိုများလာမှာ အသေအချာပါပဲ။
လက်ရှိ အနေအထားအရ သုံးသပ်ကြည့်ရရင်လည်း နှစ်ဖက်အခြေအနေဟာ တဖြည်းဖြည်း တင်းမာလာနေတဲ့အနေအထားပါ။ ဒါကို ကြည့်ဖြင်းအားဖြင့် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာနိုင်ခြေ များနေပါတယ်။
ကျေးလက်ဒေသတွေမှာ အုပ်ချုပ်ရေး အားပြိုင်လာနိုင်မှုဟာ ရက္ခိုင့်တပ်တော် (အေအေ) အတွက် အောင်မြင်လာတဲ့ တော်လှန်ရေးခြေလှမ်းတစ်ခု ဖြစ်ပေမဲ့လည်း မြန်မာစစ်တပ်က ကျေးလက်နေ ပြည်သူတွေကို မကျေနပ်ချက်တွေနဲ့ အငြိုးအတေးထားပြီး ပြုလုပ်လာမှာကိုလည်း စိုးရိမ်ရပါမယ်။
ယခု အခြေအနေမှာ ရက္ခိုင့်တပ်တော် (အေအေ) သည်လည်း အစိုးရမဟုတ်သလို မြန်မာစစပ်တပ်သည်လည်း တရားဝင် အစိုးရမဟုတ်ပေ။ သို့သော်လည်း ရခိုင်ပြည်သူ အများစုကတော့ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုထက် အေအေရဲ့ အုပ်ချုပ်မှုကိုသာ လိုလားတဲ့ သဘောထားတွေကို တွေ့မြင်နေရပါတယ်။
မေးခွန်းထုတ်စရာတွေတော့ ရှိပါတယ်။ မြန်မာ့လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ စာချုပ်စာတမ်းနဲ့ သဘောတူညီထားတာမျိုးမရှိဘဲ တိုက်ပွဲကို ကာလရှည်ကြာ ရပ်စဲထားတာမျိုးတွေ မတွေ့ခဲ့ရပါဘူး။ ဆိုတော့ ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ အပစ်အခတ်ရပ်စဲရေး (Cease-Fire) လုပ်ပြီး ‘ဝ’ တို့ မိုင်းလားတို့လို ဒေသဖွံ့ဖြိုးရေးကိုပဲ ဆောင်ရွက်မှာလား၊ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အခွင့်အရေး (အမျိုးသားလွတ်မြောက်ရေး) ကို ရှာမှာလား။
အဲဒီလမ်းနှစ်သွယ်ထဲက ဘယ်လမ်းကိုပဲ ရွေးထားသည်ဖြစ်စေ အုပ်ချုပ်ရေး အားပြိုင်လာမှု ရှိလာနေတဲ့အတွက် သေချာတာတစ်ခုကတော့ ရခိုင်မြေမှာ တိုက်ပွဲတွေဟာ တကျော့ပြန် ပြင်းထန်လာဦးမယ်လို့ သုံးသပ်မိပါတယ်။