အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း (အသက် ၇၉ နှစ်) ဟာ အင်းစိန်ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရပြီး ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဦးဉာဏ်ဝင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကဖမ်းပြီး စစ်ကြောရေးမှာ တစ်လကျော်လောက်ထားပါတယ်။ ပြီးတော့ အင်းစိန်ထောင်ကိုပို့ခဲ့ပါတယ်။ အင်းစိန်ထောင်မှာ ကိုဗစ်ရောဂါနဲ့အသည်းအသန်ဖြစ်လာတော့ ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်ကိုပို့ပါတယ်။
အင်းစိန်ထောင်ထဲမှာ ဦးဉာဏ်ဝင်းအပါအဝင် ကိုဗစ်-၁၉ Positive ဖြစ်တဲ့သူတွေကို ဘယ်လိုထားလဲကြည့်ကြရအောင်ပါ။ ဦးဉာဏ်ဝင်းကို ထည့်ထားတဲ့ သီးတွင်း (ထောင်ထဲကထောင်ငယ်) ရဲ့ တိုက် (၁၁) ဟာ အခန်းပိုမရှိတာကြောင့် နိုင်ငံရေးသမား သုံးဦးလောက်ထိ ပေါင်းထားတယ်။ သီးတွင်းဘက်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၀၀၀ ကျော်ရှိတယ်။ အခန်းလွတ်မရှိဘူး။ အားလုံးပြည့်နေတယ်။
သီးတွင်းဘက်မှာ အဆောင်လေးဆောင်ရှိတယ်။ (၁) ဆောင်၊ (၂) ဆောင်နဲ့ (၄) ဆောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကိုထားပြီး (၃) ဆောင်မှာ အထွေထွေအကျဉ်းသားတွေရှိနေတယ်။ နောက်ပြီး ထောင်ရဲ့ကျောင်းထဲမှာ အမျိုးသမီးနိုင်ကျဉ်းတွေရှိတယ်။ အားလုံးလူအပြည့်ပါ။ အခြားအဆောင်တွေက စစ်ကြောရေးအခန်း၊ ဦးစီးရုံးခန်း၊ သီးတွင်းရုံးခန်း၊ ဆေးခန်း၊ စားဖိုဆောင်နဲ့ ကျောင်းတွေပါ။
ဆိုလိုတာက ဒီလိုနိုင်ကျဉ်းနဲ့ အထွေထွေအကျဉ်းသားတွေ ပြည့်နေတဲ့ ထောင်အငယ်လေးတစ်ခုမှာ ကိုဗစ် Positive တွေ့ရင် ထားဖို့အခန်းပို မရှိဘူးဆိုတာပါ။ ဒါက ထောင်တွင်းကိုဗစ်ကူးစက်မှုပျံ့နှံ့စေတဲ့ အဓိကအချက်လို့သုံးသပ်ပါတယ်။ နောက်အချက်က ဦးဉာဏ်ဝင်းကို ထားထားတဲ့ တိုက် (၁၁)၊ အခန်း (၄) မှာ ရွှေညဝါဆရာတော်နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌတို့ကို ထားထားပါသေးတယ်။ တစ်ခန်းမှာ နိုင်ငံရေးအကျဉ်းသားသုံးဦး ရှိပါတယ်။ ဒီနောက်ပိုင်းတော့ နေရာခွဲထားတယ်လို့ ကြားသိရတယ်။ အဲဒီတော့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မှာလဲ။ ဖြစ်ရင်ဖြစ်သလို ထောင်အာဏာပိုင်တွေဟာ ပေါ့တိပေါ့ပျက်နေဖို့များမယ်လို့ ယူဆရပါတယ်။ ဒါဟာ စစ်ကောင်စီနဲ့ သူ့လက်ပါးစေတွေဖြစ်စေချင်တဲ့ နိုင်ငံရေးအခြေအနေကြောင့်လို့ ခန့်မှန်းရတယ်။
နောက်တစ်ခုက ထောင်ရဲ့ကျန်းမာရေးစနစ်ပါ။ သီးတွင်းမှာလည်း ဆေးခန်းအသေးတစ်ခု ရှိပါတယ်။ သို့သော် ပြဿနာကဘာလဲဆိုတော့ ဆေးမလုံလောက်တာရယ်၊ အရည်အသွေးကောင်းတဲ့ဆေးတွေ မသုံးကြတာပါ။ ဝေဒနာငယ်တွေဖြစ်တဲ့ ခေါင်းမူး၊ ယားယံတာလောက်တော့ ပြလို့ရပါတယ်။ ထောင်မကြီးဘက်မှာ ထောင်ဆေးရုံရှိပေမယ့် အပြသဘောပါပဲ၊ ဆေးကောင်းတွေ မရပါဘူး။ ထောင်အခေါ် ဘောင်ချာ (ငွေပေး) ဖြတ်မှ ရတာပါ။ အဓိကတော့ အကျဉ်းကျခံနေရတဲ့သူတွေရဲ့ မိသားစုဆီကနေဆေးတောင်းမှရပါတယ်။ ဒါတောင် နိုင်ကျဉ်းတွေမှာတဲ့ဆေးမရောက်လာပါဘူး။ သတင်းထောက်တွေနဲ့ ကျောင်းသားတွေ အခါခါကြုံဖူးခဲ့ကြတယ်။ အကျဉ်းဦးစီးဌာနဟာ အကျင့်ပျက်ခြစားမှုမြင့်မားတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ အခုလို စစ်အာဏာသိမ်းတဲ့ကာလမှာတော့ အကျင့်ပျက်ဝန်ထမ်းတွေအတွက် မုတ်ဆိတ်ပျားစွဲဖြစ်နေတာပါပဲ။
နောက်တစ်ချက်က ထောင်မကြီးဘက်မှာလည်း ဒီအတိုင်းပါပဲ။ နိုင်ကျဉ်းတွေကို တရားစခန်းမှာ ထားထားပါတယ်။ အရင် တရားစခန်း အခန်း (၃) ဟာ အထွေထွေအကျဉ်းသားတွေ ကွာရန်တင်းစင်တာလုပ်ခဲ့တဲ့နေရာဖြစ်တယ်။ အဲဒီကွာရန်တင်းတွေဟာ ရေချိုးလည်း နိုင်ကျဉ်းတွေနဲ့အတူတူ၊ အလုပ်လုပ်လည်း နိုင်ကျဉ်းတွေနဲ့အတူတူ၊ အိမ်သာတက်လည်းအတူတူဆိုတော့ ဘာမှမထူးပါဘူး။ နောက်အမျိုးသမီးနိုင်ကျဉ်းတွေကို အမျိုးသမီးအချုပ်ဆောင် (၁) နဲ့ တိုက်တွေမှာ ထားထားတယ်။ အဲ့မှာလည်း ရောထားတဲ့အတွက် ပြဿနာရှိပါတယ်။ ကောင်းမွန်တဲ့ ကွာရန်တင်းစနစ်မျိုး မရှိဘူး။ အရင်က မဖြစ်ခဲ့လို့သာပါ။ ဒါကြောင့် အင်းစိန်ထောင်မှာ လက်ရှိ ကိုဗစ်ဖြစ်ကြတော့ အချိန်တိုအတွင်းမှာ တော်တော်များများ ကူးစက်သွားတာဖြစ်တယ်လို့ ယုံကြည်တယ်။
နောက်တစ်ခုက အထွေထွေအကျဉ်းသားတွေရဲ့ ကွာရန်တင်းကိစ္စပါ။ အင်းစိန်ထောင်မှာ အထွေထွေအကျဉ်းသားတွေကို အဆောင်(၁)(၂)(၃)(၄)(၅) ဆောင်တွေအပြင် သပြေဆောင်(၁)(၂)တွေမှာထားတယ်။ နောက် တိုက်၊ တိုက်ကြီး၊ အထူးတိုက်၊ ခွေးတိုက်၊ နှစ်ရှည်တိုက်နဲ့ ဆေးရုံတွေမှာ ထားထားတယ်။ အားလုံးအပြည့်ပါ။ အဆောင်တစ်ဆောင်မှာ အထွေထွေအကျဉ်းသား ၁၀၀၀ ကျော်ရှိတယ်။ တစ်ဆောင်မှာ အခန်းရှစ်ခန်း ရှိတယ်။ တစ်ခန်းမှာလူ ၁၂၀ အနည်းဆုံး ထည့်ထားတယ်။ ဒါကြောင့် ကွာရန်တင်းကို အဲဒီလူပြည့်တဲ့ကြားကနေပြီး တစ်ဆောင်မှာ တစ်ခန်း (သို့မဟုတ်) နှစ်ခန်း လုပ်ပေးထားတယ်။ သို့ပေမယ့် ကွာရန်တင်းနေရတဲ့လူတွေဟာ ပေ (၃၀×၇၀) အခန်းမှာ ပြည့်ညပ်စွာနေထိုင်ရတဲ့အတွက် တစ်ဦးတစ်ယောက် ကိုဗစ်ဖြစ်မယ်ဆိုရင် အုံလိုက်ကျင်းလိုက် ဆက်ဖြစ်ကြမှာပါပဲ။
အထူးသဖြင့် နိုင်ကျဉ်းတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးစောက်ရှောက်မှုက တော်တော်လိုအပ်မှုရှိပါတယ်။ ဆေးခန်းပြချိန်က မနက်ပိုင်း တန်းစီပြီး သွားရတယ်။ ဆေးရုံပြချင်ရင် တင်ပြမှ ပြပေးတာပါ။ ဒါတောင် အခါခါပြောရပါတယ်။ ပြလို့ရှိရင်လည်း မထူးခြားပါဘူး။ ဆေးပေးဖို့ လက်တွန့်ကြပါတယ်။ ဆေးများများစားစားမရပါဘူး။ ကိုဗစ်ဖြစ်နေရင်တောင်မှ ကာယကံရှင်ကို သီးသန့်ထားဖို့ ဘယ်လိုစီမံမှာလဲဆိုတဲ့မေးခွန်းပါ။ အခု NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဥပဒေရေးရာအကြံပေးလည်းဖြစ်တဲ့ အမာခံတစ်ယောက်ကို စစ်ထောက်လှမ်းရေးတွေနဲ့ ထောင်အာဏာပိုင်တွေက ဘယ်လိုဆက်ဆံခဲ့တယ်၊ ဘယ်လိုထားထားတယ်၊ ဘယ်သူတွေနဲ့ထားထားတယ်၊ ဘယ်လိုတွေ ဆေးဝါးကုသပေးခဲ့တာလဲဆိုတာ ကာယကံရှင်တွေပဲ အသိဆုံးဖြစ်မှာပါ။ ပြောချင်တာကတော့ ဆေးဝါးကုသရေးပိုင်းမှာ အင်းစိန်ထောင်ဟာ အတော်ကလေး အားနည်းမှုရှိတယ်ဆိုတာပါ။
ဒါက အင်းစိန်ထောင်ရဲ့ ပေါ့တိပေါ့ဆနိုင်လွန်းတဲ့ ကွာရန်တင်းစနစ်ကြောင့်လား၊ အာဏာသိမ်းစစ်ကောင်စီက တမင်ကိုပဲလုပ်ဆောင်နေတာလား မေးစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်ကို မပြောင်းရင်တော့ ထောင်ထဲက နောက်ထပ်နိုင်ကျဉ်းတွေရော၊ အထွေထွေအကျဉ်းသားတွေရော အသက်ဘေးစိုးရိမ်ရတာသေချာပါပဲ။