ဒေသခံများ သစ် အသုံးပြုခွင့်ရလာနိုင်ရန်နှင့် မှောင်ခိုများ ပပျောက်ရေး

ဒေသခံများ သစ် အသုံးပြုခွင့်ရလာနိုင်ရန်နှင့် မှောင်ခိုများ ပပျောက်ရေး
by -
ကန္တရဝတီ
တရားမဝင်သစ်သယ်ဆောင်ခြင်းကြောင့် ဖမ်းဆီးအရေးယူမှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဆိုသလို တွေ့မြင်နေရသည်။ စီးပွားဖြစ်ထုတ်ယူသူများ ရှိနေသကဲ့သို့ တပိုင်တနိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် ထုတ်ယူနေသူများလည်း ရှိနေသည်။

သစ်များကို စီးပွားဖြစ် အလုံးအရင်းလိုက်ထုတ်ယူ သယ်ဆောင်သူများက အာဏာပိုင်များနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သော ဝန်ထမ်းများကိုလည်း တာဝန်ရှိသူများမှ စစ်ဆေးအရေးယူမှုများ  မေလအတွင်း ပြုလုပ်ခဲ့သည်။

တရားမဝင်သစ်များ သယ်ဆောင်ရာတွင် လာဘ်ယူကာ  သယ်ဆောင်ခွင့်ပေးခဲ့သော ကယားပြည်နယ် ဘောလခဲမြို့နယ် သစ်တောဝန်ထမ်းများအပါအဝင်၊ ဘောလခဲစစ်ဗျူဟာတပ်မှ အရာရှိတစ်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် (စရဖ) စစ်ဖက်ရေးရာလုံခြံုရေးတပ်ဖွဲ့ဝင်အချို့ကို မတ်လ အတွင်း၌ အရေးယူခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသည် အစိုးရသစ်သက်တမ်းတလျှောက် အကြီးမားဆုံးသော အရေးယူမှုလည်း ဖြစ်သည်။ ထိုကိစ္စအပေါ် ချီးမွမ်း အားပေးသူများ ရှိသကဲ့သို့ သစ်ထုတ်ယူသုံးစွဲနိုင်ရေးအပေါ် မေးခွန်းများလည်း ထွက်ပေါ်လာသည်။

တဖက်တွင် လူဦးရေတိုးပွားလာသော အနေအထားအရ ဆောက်လုပ်ရေး လုပ်ငန်းများလည်း တိုးပွားလာနေသည်။ ဆောက်လုပ်ရေးလုပ်ငန်း၌ လိုအပ်သော သစ်များအသုံးပြုရန် သစ်များလည်း လိုအပ်လာလျှက်ရှိသည်။ ကျေးလက်ဒေသ၌သာမက မြို့ပြသည်လည်း နေအိမ်နှင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် သစ်အခြေခံပစ္စည်းများကိုသာ အဓိကထားအသုံးပြုနေကြဆဲဖြစ်သည်။

သစ်တောဥပဒေတွင် သစ်တောအာဏာပိုင်မှ မှတ်ပုံတင်ထားသော သစ်များကိုသာ တရားဝင်အသိအမှတ်ပြုသည့် သစ်အဖြစ် သတ်မှတ်သည်။ ၎င်းအပြင် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ထားသော သစ်ပင်စိုက်ခင်းများနှင့် သစ်အခြေခံပစ္စည်းများကိုသာ တရားဝင်သည်ဟု သတ်မှတ်ထားသည်။

ယခုနှစ် သစ်ထုတ်ရာသီအတွင်း ကယားပြည်နယ်အတွင်း၌ တရားဝင်သစ်ထုတ်ယူခြင်းကို အစိုးရမှ ရပ်နားထားသည်။ သစ်ထုတ်ယူမှု ရပ်နားထားခြင်းကြောင့် နှစ်စဉ် သစ်တောဦးစီးဌာနမှ ပြည်သူထံသို့ ရောင်းချပေးနေသော ဒေသသုံး သစ်ထည်ပစ္စည်းများသည်လည်း ပြတ်လပ်သွားသည်။

ယင်းကဲ့သို့ အကြောင်းအရာများကြောင့် ပြည်သူများ လက်တလောတွင် တရားဝင်သစ်များ အသုံးပြုနိုင်ရေး အခက်အခဲဖြစ်စေခဲ့သည်။ နောက်ဆက်တွဲသည် ဆောက်လုပ်ရေးသုံး သစ်လိုအပ်ချက်က တရားမဝင် သစ်ထုတ်ယူမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေသည်။

နေအိမ်ဆောက်လုပ်ရန် သစ်များကို တပိုင်တနိုင်သာထုတ်ယူသူများရှိသကဲ့ အကြောင်းပြချက်ဖြင့် စီးပွားရေးအမြတ်အစွန်းအတွက် အကြီးအကျယ်ထုတ်ယူသူများလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရ၏ ဆုံးဖြတ်ချက်နှင့် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့်ပင် သစ်မှောင်ခိုထုတ်ယူနေမှုကို ဖြစ်ပေါ်စေသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေသော စီမံချက်များဖြင့် အခြေအနေအရ အမှန်တကယ်အသုံးပြုသူများအတွက် သစ်များကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ရေးသည် အရေးကြီးလျှက်ရှိနေသည်။

တရားဝင်သစ်များ အသုံးပြုနိုင်သော လမ်းကြောင်းကိုလည်း အစိုးရမှ ပြည်သူထံသို့  အသိပညာပေးခြင်းများ မနှေးဆောင်ရွက်သင့်ပေသည်။ သစ်များကို အလွယ်ကူဆုံး အသုံးပြုနိုင်သော အခင်းအကျင်းနှင့် သက်သာသော နှုန်းထားကိုလည်း ဖန်တီးပေးရပေမည်။ တဖက်တွင် အခွန်အခများ ရရှိခြင်းမရှိသော တရားမဝင်သစ်များထုတ်ယူနေခြင်းကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရမည်။

သစ်တောသစ်ပင်များသည် နိုင်ငံ၏ သယံဇာတဖြစ်သည်။ ပြည်သူအားလုံးနှင့်လည်း သက်ဆိုင်သည်။ သစ်သယံဇာတများ စနစ်တကျထုတ်ယူ အသုံးပြုနိုင်ရေးသည် အစိုးရ၏ စီမံခန့်ခွဲမှုအပေါ် မူတည်နေသည်။ တရားဝင်သစ်များ အလွယ်တကူ အသုံးပြုနိုင်ရေးနှင့် သစ်တော ပြုန်တီးစေနိုင်သော သစ်မှောင်ခိုလုပ်ငန်းများ ပပျောက်ရေးသည် အရေးကြီးလျှက်ရှိနေကြောင်း ကန္တာရဝတီတိုင်း(မ်)မှ တိုက်တွန်းရေးသားအပ်သည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...