စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ

စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ

စစ်ကောင်စီ တက်လာပြီး (၄) လကျော် ဇွန်လပိုင်းကစတင်ကာ မြန်မာတဝှမ်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို အများအပြားခံစားရပြီး၊ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရပါတယ်။

သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကို ဇွန်လမှာ စတင်ဖြစ်ပွားလာပြီး ဒေသလူမှုအဖွဲ့အစည်း ကောက်ခံထားတဲ့စာရင်းအရ ဇူလိုင် (၁၁) ရက်ထိ (၃၆၀၀) ကျော် ကူးစက်ခံရပြီး၊ သေဆုံးသူ (၇၀) ကျော်ထိ ရှိလာပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ တရက်ထက် တရက်မြင့်မားလာတဲ့အတွက် သျှမ်းပြည်ရဲ့ ဆေးရုံ တော်တော် များများ မှာ လူနာအတွက် နေရာမရှိတော့ကြောင်း တချို့ ရောဂါလက္ခဏာမပြင်းထန်တဲ့ ကိုဗစ်-၁၉ လူနာ တွေဟာ ကိုယ့်နည်းကိုယ့်ဟန် နဲ့ မိမိနေအိမ်ထဲမှာ ကုသနေရပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု Quarantine Center တွေကို ကြည့်လိုက်ရင် ဖြစ်သလို ဖျာခင်းတွေခင်းထားတာ၊ ပလပ်စတစ်နဲ့ အကာအရံပြုလုပ်ထားတာတွေကို တွေ့ရသဖြင့် ပြည်သူတွေကတော့ Quarantine Center သွားရန် အဆင်မပြေတဲ့အနေအထားဖြစ်နေပါတယ်။

“ကွာရန်တင်းစင်တာကို ကြည့်လိုက်တာ သွားချင်စရာလည်းမရှိဘူး။ ပိုးတွေတောင်ပိုကူးလာနိုင်တယ်။ ဖြစ်သလိုလုပ်ထားတယ်။ အရင်အစိုးရလက်ထက်နဲ့ တော်တော်ကွာတယ်” လို့ လားရှိုးမြို့တွင်နေထိုင်တဲ့ အသက် (၄၀) ကျော် စိုင်းနောင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတအဖွဲ့အစည်းနဲ့ သက်ဆိုင်ရာဌာနအားလုံး ပူးပေါင်းပြီး ကိုဗစ်လူနာကို ကောင်းမွန်စွာ ကုသမှု၊ ကွာရန်တင်းဝင်ရေးအတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ်-၁၉ စစ်ဆေးရေးအတွက်ကအစ အခက်အခဲများစွာဖြစ်နေပြီး၊ ကိုဗစ် ရှိ/မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းပို့ဖို့ ခက်ခဲနေပြီး၊ ပြည်သူတွေက ကိုယ့်နည်းကိုယ်ဟန့် နဲ့တခါသုံး (Rapid Test Kit) များဖြင့်သာ စစ်ဆေးခဲ့ပါတယ်။

၂၀၂၀ မတ်လ နောက်ဆုံးပတ် မှစတင်ပြီး ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံတွင်းသို့ ပထမလှိုင်း စတင်ဝင်ရောက်လာပြီး (NLD) အစိုးရလက်ထက်မှာ ပြည်သူ ပြည်သားများ၊ကျန်းမာရေး ဝန်ထမ်းများ ၊ ပရဟိတများ စသည့် ကျေးရွာမှအစ မြို့ပြမှအဆုံး ပြည်သူများ ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ဝိုင်းဝန်း ကာကွယ် ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရပါတယ်။

“အမေစု အစိုးရ ထက်လက်က ကိုဗစ်-၁၉ ကို ကောင်းကောင်းကာကွယ် ထိန်းချုပ်နိုင်ခဲ့တယ်။ Q ဝင်တဲ့သူတွေကိုလည်း ထမင်း တစ်နေ့ (၃) နပ်ကျွေးတယ်။ ဒီလောက်ထိ သိပ်ပြီး မစိုးရိမ်ရဘူး။ ကျန်းမာရေးဝန်ထမ်းတွေလည်း အားတက်သရော ကူညီကြတယ်” ဟု အသက် (၃၀) အရွယ် တောင်ကြီးဒေသခံ ကိုစိုင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တွင် သျှမ်းပြည်နယ်မှာ ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန (၂) ခုရှိပြီး ၎င်းတို့မှာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံနှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံမှာ စစ်ဆေးနိုင်သည်ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

“လားရှိုးမှာတော့ စစ်လို့မရသေးဘူး။ ဓါတ်ခွဲခန်း အဆောက်အဦးပဲ ဆောက်လုပ်နေဆဲ ကာလဖြစ်တယ်။ စဝ်စံထွန်းမှာတော့ စစ်လို့ရတယ်။ ကယားကလာတဲ့ ဓါတ်ခွဲနမူနာတွေတောင်ပါ စစ်တယ်” ဟု NLD အစိုးရလက်ထက်က တာဝန်ရှိသူများက ပြောဆိုခဲ့ဖူးပါတယ်။

“အရင်အစိုးရလက်ထက်က လူတွေ ဒီလောက် သေဆုံးမှုနှုန်းမြင့်တာ မရှိဘူး။ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။ ခုလက်ရှိ ကျနော်တို့ သျှမ်းပြည်လည်း ကူးစက်မှုနှုန်း တအားမြန်နေတယ်။ သေတဲ့သူလည်း နေ့တိုင်းရှိနေတယ်” ဟု လားရှိုး ပရဟိတလုပ်နေသည့် အမျိုးသားတစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြန်ပြီး သေဆုံးသူလည်း များပြားလာသည့်အတွက် တစ်ချို့ပြည်သူများက စစ်အာဏရှင်ရဲ့ နိုင်ငံရေးကစားကွက်တာဖြစ်ကြောင်းလို့ သုံးသပ်ပြောဆိုသည်ကိုလည်း တွေ့ရှိရပါတယ်။

“လူတွေ ဒီလောက်သေပြီး ကူးစက်မှုနှုန်း တအားမြန်တယ်ဆိုတာ ကျမ အနေနဲ့ အစက မယုံဘူး” လို့ သျှမ်းမြောက် လားရှိုးဒေသခံ အမျိုးတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ (၁) ရက်တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထုတစ်ရပ်လုံး လူစုလူဝေးဖြင့် ဆန့်ကျင်ဆနပြခဲ့ပါတယ်။

ထို ဆန့်ကျင်ဆနပြချိန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းများပြားပေမယ့် ပြည်သူများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လိုက်နာခြင်းရှိပြီး Mask များကိုသာတပ်ဆင်ကာ လူစုလူဝေးဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ပါတယ်။

“ပြည်သူတွေ ဆနဒပြတဲ့ချိန်မှာ ကိုဗစ်ကိုကြောက်ဖို့ထက် စစ်အာဏာရှင်ကို ပိုကြောက်ခဲ့တယ်။ သူတို့ အုပ်ချုပ်တာ မခံချင်လို့ နှာခေါင်းစည်းတွေ၊ လက်ကို မကြာခဏ ဆေးပြီး ကျနော်တို့ ဆန္ဒဖော်ထုတ်ခဲ့တယ်။ ရောဂါက မိမိက စကာကွယ်ရင် ရတယ်။ ဒီစစ်အာဏာရှင်ကို မတော်လှန်ရင် သားစဉ်မြေးဆက် သူတို့ အုပ်ချုပ်တာ ခံရနေမှာမလို့ ရောဂါကို ဂရုမစိုက်ပဲ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်” ဟု တောင်ကြီးဒေသခံ ကိုစိုင်း ကပြောသည်။

စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော်လည်း ပြည်သူများ အလေးထားခြင်း မရှိခဲ့ကြပေ။

စစ်အာဏာရှင် လက်ထက်မှာ ပြန်လည် အသက်ဝင်လာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာသည် မြန်မာနိုင်ငံမှာ တတိယလှိုင်းအဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

ဗီဇပြောင်း ကိုဗစ်-၁၉ ကို စစ်အာဏာရှင်မှ ဘယ်လို ပုံစံဖြင့် ထိန်းချုပ်မည်ကို ပြည်သူများမှ မသိရှိပါ။

ကိုဗစ်-၁၉ ကူးစက်ခံရသူ များပြားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့ကို ပြီးခဲ့သည့် ဇွန် (၂၇) ရက်မှ စတင်ပြီး Stay at Home မြို့များအဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သျှမ်းပြည်အတွင်းရှိမြို့တွေ ကျေးရွာတွေကိုတော့ မိမိသဘောဆန္ဒနဲ့ လော့ဒေါင်း (ဝင်၊ ထွက်) ပိတ်ထားကြပါတယ်။

“ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတာ သူတို့ဘာနဲ့ စစ်လဲဆိုတာ မသိရှိရဘူး။ တစ်ခါသုံးနဲ့ပဲ စစ်တာလား ဒါမှမဟုတ် ဓါတ်ခွဲခန်းထဲကနေ ထွက်လာတဲ့ အဖြေလားဆိုတာ မသိရဘူ” ဟု တောင်ကြီးဒေသခံ တစ်ဦးကပြောပါတယ်။

စစ်အစိုးရသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများပြားလာသည်ကို ကူးစက်မှုနည်းပါးသည့် မြို့များကို စာသင်ကျောင်းများ၊ ဈေးများဆက်လက် ဖွင့်ထားသည်ကို တွေ့ရှိရပါတယ်။

“စစ်အစိုးရက ပရဟိတ သမားတွေကို ခေါ်ပြီး ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့အတွက် လူတွေ လိုက်ခေါ်တာ ကြားရတယ်။ ဒါပေမယ့် တစ်ချို့ ပရဟိတ သမားတွေတော့ မလုပ်ကြဘူး။ သူတို့နဲ့ လက်တွဲ မလုပ်ချင် ကြတာကိုလည်း ရှိတယ်လို့ ကြားတယ်” ဟု အမည်မဖော်လိုသူ ပရဟိတ တစ်ဦး ကပြောသည်။

စစ်အစိုးရသည် အာဏာသိမ်းပြီးနောက် ပရဟိတ သမားများကိုလည်း ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်လာသဖြင့် တစ်ချို့ ပရဟိတ သမားများ ထွက်ပြေးတိမ်းရှောင်တာတွေရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစုသည် (CDM) လှုပ်ရှားမှုမှာ ပါဝင်လာကြသဖြင့် ဆေးရုံမှာ ကျန်းမာရေး အင်အားမလုံလောက်သဖြင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ များစွာ ဒုက္ခ ရောက် ရသည်ကို လည်းတွေ့ရှိရပါတယ်။

“ဆေးရုံမှာ ဝန်ထမ်းအင်အား သိပ်မရှိတော့ ပရဟိတကပဲ ဝင်ရောက် ကူညီပေးနေရတယ်။ ကျနော်တို့ ကြားသလောက် တစ်ချို့ဒေသမှာဆို ဆေးရုံတွေ ပြည့်နေလို့ အိမ်မှာပဲ ကိုယ်တိုင် ကုသမှုတွေ လုပ်နေရ တယ်လို့လဲ ကြားပါတယ်” ဟု နမ္မတူဒေသခံ ပရဟိတတစ်ဦးက ပြောသည်။

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၁၀ရက် မှာ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ကုသရေးအတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခေါ်ယူမယ်လို့ပြောဆိုကာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

“ဆရာဝန်တွေ ပရဟိတ သမားတွေ ကို သေနတ်နဲ့ပစ်ချင်တိုင်းပစ်၊ ဖမ်းချင်တိုင်းဖမ်း၊ ဆရာဝန်တွေမရှိလဲ စစ်ဆေးရုံရှိတယ် လာကုနိုင်တယ်။ ဆရာဝန်တွေမရှိလဲ စစ်ဆေးဆရာဝန်တွေ ကုပေးမယ်ဆိုတဲ့စကားသံတွေ ထွက်လာတယ်” ဟု ဆရာဝန်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့အာဏာပြန်လွှဲပေးပါက CDM ဆရာဝန်တွေဟာ မိမိတာဝန်ကျတဲ့နေရာထံ အမြန်ဆုံးပြန်လာပြီး ဆေးကုကြမှာဖြစ်ကြောင်းလည်း ဆရာဝန်တွေက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်တဲ့ကာလမှာ ကြုံရတဲ့ တတိယ ကိုဗစ်-၁၉ လှိုင်းဟာ အလွန်ပင်စိုးရိမ်ကြောက်ကြပြီး၊ ကိုဗစ်-၁၉ လူနာတွေဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မသေသင့်ဘဲ သေနေရတဲ့ အခြေအနေတွေ ရောက်နေပါတယ်။

သျှမ်းပြည်မှာလည်း ထိုအောက်ဆီဂျင်ရရှိမှု ပရဟိတအဖွဲ့တွေကလည် ခက်ခက်ခဲခဲ တန်းစီစောင့်ဆိုင်းနေရတဲ့အဖြစ်တွေ ကြုံနေရပါတယ်။

“မနေ့က ကျနော်တို့အောက်စီဂျင်ရဖို့အတွက် သွားစောင့်တယ်။ ဒါပေမယ့် ကျနော်တို့အောက်ဆီဂျင်အိုး တလုံးမှ မရခဲ့ဘူး။ လူနာတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်။ ကျနော်တို့ အောက်ဆီဂျင်ပြတ်လပ်မှု တွေကြုံနေရတဲ့အနေအထားပါပဲ” လို့ လားရှိုးပရဟိတ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးအောက်တော့ ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးဟာ အလွန်ပင် စည်းစနစ်မဲ့ပြီး၊ ထိရောက်မှုမရှိတဲ့အပြင် ကိုဗစ်-၁၉ လူနာအတွက်လည်း ကောင်းမွန်စွာ ဆေးကုသမှုမပေးတဲ့ ပြဿနာတွေဖြစ်နေကြောင်း သျှမ်းပြည်လူထုတွေက ပြောဆိုလိုက်ပါတယ်။

စစ်အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့ပြည်သူတွေ၊ အောက်ဆီဂျင်မရလို့ ဆုံးရှုံးရမည့်သူတွေ ဘယ်လောက်ထိပေးဆပ်ရမှာလဲဆိုတာ သျှမ်းပြည်သူတွေအတွက် ရင်လေစရာတွေ စိုးရိမ်စရာတွေဖြစ်ကြပါတယ်။

Most read this week

စစ်ကောင်စီ သိမ်းပိုက်လိုက်သည့် ရွာငံ PDF စခန်း
November 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး...
November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...
November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...