ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ နိုဘလ်ဘော်ဒါကျောင်းဆောင်တွင် ကိုဗစ်ပိုးရှိ/မရှိ ယမန်နေ့ကစစ်ဆေးရာ ကျောင်းသား/ကျောင်းသူ ၁၉ ယောက်ထံတွင် ကိုဗစ်ပိုးတွေ့ရှိသည်ဟု သိရသည်။
နိုဘလ်ဘော်ဒါဆောင်တွင် ညအိပ်နှင့် အပြင်မှလာရောက်တက်ရောက်သည့် ၁၀ တန်းကျောင်းသူ/ကျောင်းသား အယောက် ၃၀ ခန့်ရှိသည့်နက် ၁၉ ယောက်ထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ပုသိမ်ဘက်မှ ကျောင်းလာအပ်သည့်တစ်ယောက်ထံမှ စတင်ကူးစက်လာခြင်းဖြစ်နိုင်သည်ဟု နိုဘလ်ဘော်ဒါဆောင်ပိုင်ရှင် ဆရာကျော်ထိုက်က ပြောသည်။
“ပုသိမ်ဘက်ကနေ ကျောင်းလာအပ်တဲ့တစ်ယောက် ပုသိမ်-စစ်တွေ-ကျောက်တော်ရယ်ဖြတ်ပြီးတော့ ပီချောင်းဘက်က နေလာတာပေါ့။ ကျန်းမာရေးဌာနက သူနာပြုဆရာမတစ်ဦးရဲ့အမျိူးပဲ။ ကျနော်တို့လည်း ကျောင်းဖွင့်တာမကြာသေးဘူးလေ။ ကျောင်းလာအပ်တော့ တစ်ညလောက်တော့အိပ်တယ်။ နေမကောင်းဘူးဆိုပြီး သူ့အမျိူးအိမ်ပြန်သွားတယ်၊ ကျနော်တို့လည်း သတိမထားမိဘူး။ ဒီမနက်ကျမှဘဲ အဲဒီသူနာပြုဆရာမတို့ မိသားစုတစ်စုလုံးက ကိုဗစ်ပိုးတွေ့နေတယ်။ ဆေးရုံမှာဝင်နေရတယ်ဆိုပြီးမှ ကျနော်တို့လည်း စိတ်မချတော့ စစ်ဆေးတာ ကိုဗစ်ပိုးတွေ့တာပေါ့" ဟု ဆရာကျော်ထိုက်က ပြောသည်။
နိုဘလ်ဘောဒါဆောင်မှ ပိုးတွေ့လူနာများကို ပလက်ဝမြို့ အ.ထ.က ကျောင်းဆောင်တွင် သီးသန့်ထားရှိရန် စီစဉ်ထားကြသည်ဟုသိရပြီး ကိုဗစ်ပိုးမတွေ့သည့် ကျန်ကျောင်းသူ/ကျောင်းသားများကိုလည်း ကွာရန်တင်းထားရှိသွားမည်ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိ ပလက်ဝမြို့တွင် နိုဘလ်ဘော်ဒါဆောင်မှ ကျောင်းသူ/ကျောင်းသား ၁၉ ဦးနှင့် အဆိုပါ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမ မိသားစု ၆ ဦး စုစုပေါင်း ၂၅ ဦး ကိုဗစ်ပိုးကူးစက်ခံနေရခြင်းဖြစ်သည်။
နိုဘလ်ဘော်ဒါဆောင်သည် ၁၀ တန်းကျောင်းသူ/ကျောင်းသားများအား သင်ကြားပေးနေသည့် ဘော်ဒါကျောင်းဆောင်ဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇ ဦးတွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံမှ အသီးသီးဆင်းသွားကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ပြန်လည်မြင့်တက်လာပြီး အထူးသဖြင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့တွင် ကိုဗစ်ကြောင့် ရာနှင့်ချီသော ဒေသခံပြည်သူများ သေဆုံးနေကြရသည်။