မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်အား ဇွန် ၂၇ ရက် ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အုပ်စုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရကြောင်း သိရသည်။
“ညကတည်းက ဘယ်ကမှန်းမသိတဲ့ လူနှစ်ယောက် အိမ်ကနေ သူ့ကိုလာခေါ်သွားတယ်။ ဒီနေ့ (ဇွန် ၂၈ ရက်) မနက်ပိုင်းက ကားလမ်းမဘေးမှာ သူ့ရုပ်အလောင်းတွေ့ရတယ်” ဟု နှင်းစုံရွာသားတစ်ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် စောထားဝယ် (ခေါ်) ဦးစောဝင်းစိုးမြင့်၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို နှင်းစုံကျေးရွာအပြင်ဘက် ရေး-သံဖြူဇရပ်ကားလမ်းမကြီးဘေးတွင် ဇွန် ၂၈ ရက် နံနက်စောစော၌ ရွာသားများတွေ့ရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ဘက်အုပ်စုတစ်ခုက သတင်းပေးအဖြစ်ယူဆပြီး လက်နက်ကိုင်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ယူဆပြောဆိုမှုများရှိသော်လည်း မွန်သတင်းအေဂျင်စီ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အလားတူ ပြီးခဲ့သည့် ဧပြီ ၅ ရက်က ရေးမြို့နယ် မာန်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း အသတ်ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တပ်သတင်းပေးစွပ်စွဲချက်ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင်ခန့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။