ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအနီးတွင် ဇွန် ၂၄ ရက် ညပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရသော အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အရပ်သားသည် ဇွန် ၂၄ ရက် ည ၈နာရီခန့်က သေနတ်နှင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူမှာ ဟံဂံရွာသား အသက် ၄၉ နှစ်ရှိ ကိုစိုးလွင် (ခေါ်) နိုင်အချော့ဖြစ်ပြီး ၎င်း၏ မျက်နှာ၊ ပါးနှင့် နောက်ကျောတွင် ရရှိထားသော သေနပ်ဒဏ်ရာများဖြင့် ရေးမြို့ ပြည်သူ့ဆေးရုံမှ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက “သူ့သူငယ်ချင်းနဲ့အတူ ခြံကို ဆိုင်ကယ်နဲ့ ညအိပ်သွားတယ်။ ကျိုက်မင်းမလော့လမ်းမအတိုင်း ခြံသွားတဲ့လမ်းမှာပဲ ပစ်ခံထိတယ်။ နောက်ကျောပြင်ကို အရင်ပစ်တယ်။ ပြီးတော့ မျက်နှာကိုပစ်တယ်။ လည်ပင်းမှာလည်း ဒဏ်ရာရှိတယ်” ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်မင်းမလော့ဘုရားသွားရာ လမ်းမပေါ်တွင် အမည်မသိ လက်နက်ကိုင်တစ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသော်လည်း မွန်သတင်းအေဂျင်စီက သီးခြားအတည်မပြုနိုင်သေးပေ။
အလားတူ ပြီးခဲ့သည့် ဇွန်လလယ်က ရေးမြို့ အ.လ.က (၂) ကျောင်းရှေ့ ကျောင်းဆင်းချိန်တွင် မော်တော်ယာဉ်လမ်းရှင်းပေးနေသည့် ရပ်မိရပ်ဖတစ်ဦးကို အမည်မသိသေနပ်သမားတစ်ဦးက ပစ်သတ်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်းရှိ ပညာရေးအဆောက်အအုံများကို ဗုံးထောင်ခြင်း၊ လူပုဂ္ဂိုလ်အချို့နေအိမ်ဗုံးခွဲခြင်းနှင့် လက်ပစ်ဗုံးပစ်သွင်းခြင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပေါ်လာခဲ့သော်လည်း လက်သည်များအား သက်ဆိုင်ရာမှ ရှာဖွေဖော်ထုတ် နိုင်ခြင်းမရှိပေ။