စစ်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်က ရသေ့တောင်မြို့နယ်က ကျေးရွာအနီးတစ်ခုတွင် မပေါက်ကွဲသေးသည့် စစ်ကျန် RPG လက်နက်ကြီးကျည်အလုံးပေါင်း ၈၀ ခန့်တွေ့

စစ်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်က ရသေ့တောင်မြို့နယ်က ကျေးရွာအနီးတစ်ခုတွင် မပေါက်ကွဲသေးသည့် စစ်ကျန် RPG လက်နက်ကြီးကျည်အလုံးပေါင်း ၈၀ ခန့်တွေ့
by -
ခိုင်လူလှ (Narinjara)

ရခိုင်ပြည်နယ်က တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ရာ ရသေ့တောင်မြို့နယ်မှ ကျေးရွာတစ်ခုအနီးတွင် မပေါက်ကွဲဘဲကျန်နေခဲ့သည့် စစ်ကျန် RPG လက်နက်ကြီးကျည် အလုံးပေါင်း ၈၀ ကို ကျေးရွာသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်နက်ကြီးကျည်များကို ရသေ့တောင်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ င/စံ ဘော်ရွာ လယ်ကွင်းရှိ တွင်းတစ်ခုအထဲမှ အလုံးပေါင်း ၄၀ ကိုတွေ့ရှိရပြီး ကျန်လက်နက်ကြီးကျည်များကို ၎င်းကျေးရွာအနီးရှိ နေရာအနှံ့အပြားတွင် တွေ့ရှိခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်းက ပြောသည်။

 

“ရွာသားတွေက နွားကျောင်းသွားရင်းတွေ့ခဲ့တာ။ လယ်ကွင်းထဲမှာ မြုပ်ထားတာတွေ၊ နောက်ပြီး ဟိုဘက်လယ်ကွင်းက နှစ်ခု/သုံးခု၊ ဒီဘက်လယ်ကွင်းက နှစ်ခု အဲလိုမျိုးတွေ တွေ့ပါတယ်။ အဲဒါတွေက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေဆိုတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ရပါတယ်။ ဒီဗုံးသီးတွေက ဒလက်ပါပြီး နှစ်ပေလောက်ရှိတာတွေ၊ နောက်ပြီး ဓါတ်ဗူးအလုံးလောက်ရှိတာတွေ ရှိပါတယ်” ဟု ၎င်းကပြောသည်။

 

ထိုလက်နက်ကြီးကျည်များသည် ၄င်းတို့လယ်ကွင်းအနီး၌ လက်ရှိအချိန်ထိရှိကြောင်း င/စံဘော်ကျေးရွာမှ ဦးကျော်ဇံလှက ပြောသည်။

 

“တွင်းဟောင်းတစ်ခုမှာ မြုပ်ထားတာ အလုံးလေးဆယ်ပါ။ နောက် ဟိုဘက်လယ်ကွင်း၊ ဒီဘက်လယ်ကွင်းက အဲလိုမျိုးရတာ အလုံးလေးဆယ်လောက်ရှိပါတယ်။ လက်နက်ကြီးကျည်တွေက အတိုတွေရော အရှည်တွေရော ပါပါတယ်။ RPG လက်နက်ကျည်သီးတွေလည်း ပါပါတယ်။ ဒီလမ်းက စစ်သားတွေက အမြဲတန်း ဖြတ်သွားပါတယ်။ သူတို့က ဒါတွေကို ပေါက်ကွဲမှာစိုးလို့ မထိနဲ့လို့ ပြောထားပါတယ်” ဟု ပြောသည်။

 

ယင်းလက်နက်များကို င/စံဘော်ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာအဝေး၌ တပ်မတော်စခန်းတစ်ခု တပ်စွဲနေထိုင်လျှက်ရှိသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝင်း ပြောပြချက်အရ သိရသည်။

 

၂၀၁၆ ခုနှစ်မှ ယနေ့အချိန်ထိ ရခိုင်တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲ၍ သေဆုံးသွားသူပေါင်းမှာ ၂၄၇ ဦးထိရှိနေပြီ ဖြစ်ပြီး ၎င်းစစ်ကျန်လက်နက်ပစ္စည်းများကို သက်ဆိုင်ရာမှ အမြန်ဆုံးဖယ်ရှားရန် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...