ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရသူ လေးသောင်းကျော်ရှိလာပြီး စားနက်ရိက္ခာ အခက်အခဲကြုံနေရ

ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရသူ လေးသောင်းကျော်ရှိလာပြီး စားနက်ရိက္ခာ အခက်အခဲကြုံနေရ

တပ်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ လေးသောင်းကျော်ရှိလာပြီး စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲကြုံနေရကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မင်းတပ်ဘက်ဘဲဖြစ်ဖြစ် တစ်ခြားနေရာဘဲဖြစ်ဖြစ် အများစုပြောကြတာက စားစရာလိုချင်တယ်။ ခက်ခဲတယ်လို့ပြောကြတယ်။ ရေရှည်အတွက်က စားစရာကို မသယ်ယူနိုင်ကြတော့၊ သူတို့သယ်နိုင်တာက တစ်ပတ်စာလောက်ဘဲရှိတယ်။ ဆေးဝါးတွေလည်းမရှိဘူး။ ပြီးတော့ ကျန်းမာရေးပိုင်းကျွမ်းကျင်သူလည်း မရှိဘူး။ နောက်ပြီး မိုးကအမြဲရွာနေတော့ နေရေးထိုင်ရေးမှာလည်း အဆင်မပြေဘူး။ မိုးကာရှိရင်တောင် မြေကြီးက စိုနေတော့အဆင်မပြေဘူး၊ အဲဒါတွေမှာ အခက်အခဲကြုံနေရတယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director Salai Van Biak Thang က ပြောသည်။

 

ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် စစ်ဘေးရှောင်နေရသူစာရင်းမှာ ဟားခါးမြို့နယ်တွင် ၇၀၀၀ ဝန်းကျင်၊ မင်းတပ်-ကန်ပက်လက်-မတူပီ သုံးမြို့နယ်ပေါင်း ၁၅၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၅၀၀၀ ဝန်းကျင်၊ မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသူ ၁၅၀၀၀ ကျော်ရှိကာ စုစုပေါင်း ၄၂၀၀၀ကျော်ရှိ လာပြီဖြစ်သည်။

 

အထက်ပါ ဖော်ပြထားသည့်စာရင်းမှာ ချင်းလူ့အခွင့်ရေးအဖွဲ့မှ အနီးစပ်ဆုံး လိုက်လံကောက်ယူထားသည့်စာရင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းသာဖြစ်ကာ အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင်နေရသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင် ၁၀၀၀၀ ကျော်အား ထည့်တွက်ထားခြင်း မရှိသေးပေ။

 

ဒုက္ခသည်ကူညီကယ်ဆယ်ရေးနှင့်ပတ်သတ်၍ Salai Van Biak Thang က “ချင်းမြောက်ပိုင်းမှာတော့ နိုင်ငံတကာအကူအညီနှင့် တစ်ခြားအကူအညီတွေလည်း ဘာမှမရှိဘူး။ တောင်ပိုင်းဘက်မှာလည်းအဲလိုဘဲ ကြက်ခြေနီအဖွဲ့ဘဲ နည်းနည်းပါးပါးဝင်နိုင်တယ်။ ဒါတောင် အဖွဲ့လိုက် တရားဝင် ဝင်နိုင်တာမျိုးမဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ UN လိုမျိုးတွေလည်း တရားဝင် ဝင်ဖို့လုပ်ပေမယ့် ခုထိမဝင်နိုင်သေးဘူး။ UNHCR နဲ့လည်း ကျွန်တော်တို့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ သူတို့လည်း ဝင်ဖို့အဆင်သင့်လုပ်ထားပေမယ့် မဝင်နိုင်ဘူးလို့ပြောတယ်” ဟု ပြောသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲအနည်းငယ်ငြိမ်သွားသည့် ဒေသများမှ ပြည်သူများမှာ နေရပ်ပြန်သူအချို့လည်းရှိနေပြီး ယခုထက် တိုက်ပွဲပိုမိုပြင်းထန်လာပါကာ စစ်ဘေးရှောင်စာရင်းမှာ ယခုထက် ပိုမိုများပြားလာနိုင်ပြီ စစ်ဘေးရှောင်ရန် အသင့်ပြင်ထားရသည့် ပြည်သူများလည်းရှိနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...