“လမ်းကြောတွေပိတ်ထားတော့ ဆန်သယ်လို့မရတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ”

“လမ်းကြောတွေပိတ်ထားတော့ ဆန်သယ်လို့မရတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ”

မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး

 

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေ ၁၂ ရက်မှစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေ ၁၃ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။

မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ၈ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

ယခုလက်ရှိမင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၈ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူ ၈ ထောင်ကျော်အထိ ရှိကာ ၎င်းတို့ရင်ဆိုင်နေရသည့်အခက်ခဲစိန်ခေါ်မှုနှင့်ပတ်သက်၍ လောက်စဲစစ်ရှောင်စခန်း (Lukse Camp) မှ တာဝန်ရှိသူ ကက်သလစ်ဘုန်းတော်ကြီး Nicholas Ghung Thang Se ကို ဆက်သွယ်မေးမြန်းထားသည်။

မေး - အခုလက်ရှိ ဆရာတို့စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဘုန်းတော်ကြီး - လောလောဆယ်တော့ မနေ့တနေကထိ အိမ်ပြန်ကြတယ်။အထူးသဖြင့်တော့ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အယောက် ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှိသေးတယ်။ လောလောဆယ်တော့ အခြေအနေကတော့ ပြန်ငြိမ်လာတဲ့သဘောမှာရှိတယ်။ ဒါပေမဲ့ တခုရှိတာက မိသားစုတွေထဲမှာ ပြေးလွှားပြီးတော့ ပုန်းခိုပြီးတော့ မိသားစုနဲ့ အတူရှိနေတဲ့ ဆန်စပါးတွေ စားသောက်ကုန်တွေ ဝိုင်းစားကြတဲ့အခါကတော့ မနေ့တနေ့ကရော ဒီနေ့ရော သူတို့ရောက်လာ ကြတယ်။ ကျွန်တော်တို့ဆန်တွေလည်းမရှိတော့ဘူး။ ကျွန်တော်တို့ တစ်ရက်တစ်ရက်ဆိုရင် ပြန်ရောက်လာတဲ့သူ အယောက် ၂၀လောက်ပြန်ရှိတဲ့အခါကျတော့ တစ်လလောက်ဝိုင်းစားစရာ မရှိတော့ဘူးတဲ့။ အဲလိုမျိုးတွေတော့လာပြောကြတယ်။ ခက်တာက လောလောဆယ်လှူတဲ့သူရှိရင် တောင်မှ ဒီကျောက်ထုဘက်ကနေဆန်တွေက သယ်လို့မရသေးဘူး။ လမ်းတချို့တွေက ပိတ်နေသေးတဲ့အခါကျတော့ သူတို့မိသားစုတွေ ဘယ်လိုကူညီပေးရမလဲ ဥပမာ ဟိုတနေ့ စစ်ပြေးရွာဆိုရင် အကုန်လုံး မီးလောင်နေတဲ့ အိမ်တွေရော ပျက်ဆီးပြီးတော့မှ လက်နက်ကြီးတွေထိတဲ့ အိမ်တွေ မထိရင်တောင်မှ သူတို့ပစ္စည်းရှာဖွေတော့ အိမ်ထဲမှာရှိတဲ့ဟာတွေကို လွှင့်ပစ်ပြီး ဆန်အိတ်တွေကလည်း အပြင်မှာပြဲပြီးတော့မှ အဝတ်တွေလည်း အိမ်ထဲမှာ ဘာမှမရှိတဲ့ဟာတွေ အများကြီးရှိတယ်။ တကယ့်စစ်တိုက်တဲ့နေရာဆိုတော့ လက်နက်ကြီးထိတဲ့ အိမ်တွေကအများဆုံးပဲ။ သူတို့တွေမှာ စားနပ်ရိက္ခာတွေလုံးဝမရှိတော့ဘူး လောလောဆယ်က ကားနဲ့သွားလို့ကအဆင်မပြေ ဖြစ်နေတာ။ တကယ့်စစ်မြေပြင်ကွင်းထဲကရွာဆိုတော့လေ အဲဒီအနေအထားနဲ့ အရေးပေါ်အခြေအနေ အကူအညီလိုတယ်။ ဒါပေမဲ့ ကျနော်တို့ ချက်ချင်းမကူညီနိုင်သေးဘူး။ တချို့ကျတာ့ အိမ်ပြန်တယ်။ တချို့ကတော့ ကျွန်တော့်ဆီမှာရှိသေးတယ်။

မေး - စစ်ဘေးရှောင်ပြည်သူတွေက ဝမ်းလျှော၊ ဝမ်းပျက်၊ တုပ်ကွေး၊ ငှက်ဖျားရောဂါတွေလည်း ဖြစ်နေကြရတယ်လို့ ကြားသိရပါတယ်၊ အဲဒီအခြေအနေလေးရှင်းပြပါဦး။

ဘုန်းတော်ကြီး - မိုးရွာတဲ့အခါကျတော့ ရာသီဥအပြောင်းအလဲတွေ ဒီထဲက များသောအားဖြင့် ချောင်းရေထဲကခပ်ရတဲ့ရေတွေက ပြသနာဖြစ်တာနေမှာ တအားကြီးတော့ ဆိုးရွာတာတော့မရှိပါဘူး။ လောက်စဲစစ်ရှောင်စခန်းမှာတော့ ဘာပဲဖြစ်ဖြစ် ဆေးကုသပေးနေတဲ့အခါကျတော့ အဆင်ပြေတယ်လို့ ပြောရမှာ။ တခြားနေရာတော့ သတိမထားမိဘူး။ ကျွန်တော်တို့ လောက်စဲစစ်ရှောင်စခန်းမှာ တော့ ဖျားလို့သေဆုံးတာမျိူးတော့မရှိသေးဘူး။ တခြား Camp တွေတော့ ကျွန်တော်သိပ်လက်လှမ်းမမှီ ဘူးဆိုတော့ မသိဘူး။

မေး - ခုဆိုရင် ကိုဗစ် ၁၉ ရောဂါကလည်း တစ်ကျော့ပြန်ဖြစ်လာတော့ စစ်ဘေးရှောင်တွေက အစုလိုက်နေကြရတော့ စိုးရိမ်စရာတွေဖြစ်လာနိုင်လား။

ဘုန်းတော်ကြီး - ဟုတ်တယ်။ ဆးတွေလည်းဝယ်လို့မရနိုင်တဲ့အခါကျတော့ နည်းနည်းတော့ ကာကွယ်ရေးပိုင်းတွေက ခက်မှာ။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးအကောင်အထည်ဖော် ရမလဲ ဆိုတာ စဉ်းစားနေကြတာ အရင်တုန်းကတော့ လုပ်ထားတာရှိတယ် ဘာသာရေးအနေနဲ့လှုပ်ရှားနေတာ တော့ ရှိတော့ရှိသေးတယ် ဒါပေမဲ့ Camp အတွက် သီးသန့်အနေနဲ့တော့ မလုပ်နိုင်သေးဘူး။

မေး - စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အထောက်အကူပစ္စည်းတွေလည်း ပြတ်လပ်နေကြတယ်လို့သိရပါတယ်။ဟုတ်ပါသလား။

ဘုန်းတော်ကြီး - အများဆုံးကတော့ မင်းတပ်မြို့နယ်ထဲမှာ ကျွန်တော်တို့ လောက်စဲစစ်ရှောင်စခန်းကျ တော့ ကျွန်တော်တို့က လမ်းမကြီးနဲ့လည်းနည်းနည်းကွာတဲ့အခါကြတော့ ကျွန်တော်တို့ဆီကို စစ်ကောင်စီ တွေက တိုက်ရိုက်မလာဘူး။ ကျွန်တော်တို့ Camp ထိတော့ အထူးသဖြင့် ဝမ္မသူးဖက် စွန်တောင်ဖက်ခြမ်းတွေက လမ်းမကြီးဘေးတောက်လျှောက်ရွာတွေဆိုတော့ စစ်ကိုင်းတိုင်းမကွေးတိုင်း သွားတဲ့ လမ်းမကြီးဘက်ဆိုတော့ အဲဒီဘက်ကပိုဆိုးတာ အဲဒီဘက်က ပိုပြီးတော့မှပြတ်လပ်ပြီးတော့ အဓိကတော့ ကျွန်တော်တို့ကူညီနိုင်တဲ့သူတွေရှိတယ်။ ပြည်တွင်းပြည်ပနဲ့ ကျနော်တို့လည်းတတ်နိုင်သ လောက်ပေါ့နော်။ ဒါပေမဲ့ လမ်းကြောက ကျောက်ထုလမ်းကြောတစ်ခု ဟိုဘက်လမ်းကြောနှစ်ခုစလုံး ပိတ်တာလေ။ အဲဒီဟာက အဓိကပြသာနာ ကျွန်တော်တို့ နဂိုက ဆန်တွေယူထားတာရှိတော့ တော်သေးတယ်။ အခုဆန်သယ်လို့မရတာ နှစ်ပတ် သုံးပတ်လောက်ရှိပြီ လုံလောက်မှုတော့မရှိဘူး။

မေး - ခုဆိုရင် မိုးတွင်းကာလဖြစ်နေတော့ စစ်ဘေးရှောင်တွေအတွက် ဘယ်လိုဖြစ်လာနိုင်လဲ။ ဘာတွေအရေးတကြီး လိုအပ်လဲ။

ဘုန်းတော်ကြီး - ကျွန်တော်တို့အနေနဲ့စဉ်းစားတာတော့ မင်းတပ်မြို့နဲ့ မလှမ်းမကမ်းတွေကို ကျွန်တော်တို့ Camp တွေထားတာထက် တကယ်လို့ နိုင်ငံတာကာနဲ့ ICRC တွေနဲ့ပူးပေါင်းပြီးတော့ မကွေးတိုင်းကနေ ခွင့်ပြုနိုင်မယ်ဆိုရင်တော့ရေရှည်မှာကျွန်တော်တို့ဖြစ်နိုင်ရင်တော့ ပူးပေါင်းပြီးလုပ် ဆောင်ချင်တာ။ ဒါပေမဲ့ လောလောဆယ်အခြေအနေက တိုင်းခြားနယ်ခြားဖြစ်နေတဲ့အခါကျတော့ အခက်အခဲရှိတယ်။ ဆွေးနွေးထားတာက မကွေးတိုင်းကျောက်ထု အနီးတဝိုက်တွေမှာ လုပ်နိုင်ရင်တော့ ရေရှည်အနေနဲ့ ဟိုဘက်လည်း စားနပ်ရိက္ခာအတွက်အဆင်ပြေမယ်။ လုံခြုံရေးအတွက်လည်း ဒီဖက်မင်း တပ်နယ်ဖက်ထက်နည်းနည်းပိုသက်သာမယ်။ ဆိုတဲ့သဘောတရားရှုထောင့်နဲ့ ကျနော်တို့လည်းအ ကြံပေးတယ်။ နယ်ခြားဖြစ်နေတဲ့အခါကျတော့ အကောင်အထည်ဖော်ဖို့ကတော့ ခက်နေတယ်။

မေး - တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဘုန်းတော်ကြီး - တကယ်လို့သာ ဒီလိုမျိုးဆက်ဖြစ်အုံးမယ်ဆိုရင် နားလည်မှုယူပြီး သဘောထားချင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုကတော့ ရှိတာတော့ရှိနေအုံးမှာပဲ။ သဘောကတော့ ပြည်သူတွေကို ကိုယ့်ရန်သူလိုသဘောမထားပဲနဲ့ စစ်ကောင်စီဖက်ကလည်း လူသားခြင်းစာနာပြီးတော့မှ ကိုယ့်ရဲ့ PDF အဖွဲ့ထဲကလည်း ပြည်သူလူထုကို လုံခြုံမှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဝိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းမယ်။မဟုတ်ရင်တော့ ဒီလိုမျိုးရှောင်ပြေးဆိုရင် လူထုတွေက ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါထွက်ပြေးနိုင်ဦးမှာလဲ။ ဒါကြောင့်အကုန် လုံး အကောင်းဆုံးညှိနှိုင်းပြီးတော့မှ လုပ်နိုင်ရင်တော့ နည်းနည်းပိုပြီးသက်သာမှာပေါ့။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...