လူထုအစိုးရလက်ထက် ရပ်နားထားသည့် နောင်မွန်လေဆိပ်ကို စစ်ကောင်စီ ပြန်လည်ဆောက်လုပ်နေ

လူထုအစိုးရလက်ထက် ရပ်နားထားသည့် နောင်မွန်လေဆိပ်ကို စစ်ကောင်စီ ပြန်လည်ဆောက်လုပ်နေ
by -
ခေါင်ညွယ် (KNG)

လူထုအစိုးရလက်ထက်တွင် ရပ်နားထားခဲ့သော ပူတာအိုခရိုင် နောင်မွန်မြို့ လေယာဉ်ကွင်းကို စစ်ကောင်စီက ပြန်လည်ဆောက်လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ကချင်ပြည်နယ်မြောက်ဖျားပိုင်း နောင်မွန်လေယာဉ်ကွင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP လက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက် ရပ်နားထားခြင်းဖြစ်သည်။

 

သို့သော် စစ်ကောင်စီက အာဏာသိမ်းပြီး လေးလအကြာတွင် နောင်မွန်မြို့ လေယာဉ်ကွင်းကို ပြန်လည်ဆောက်လုပ်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်မှာ နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း နောင်မွန်ဒေသခံတစ်ဦး ပြောဆိုခဲ့သည်။

 

“NLD အစိုးရ ရပ်နားထားတဲ့ လေယာဉ်ကွင်းကို စစ်ကောင်စီက အမြန်ပြီးအောင်ပုံစံနဲ့ ပြန်လုပ်နေတာ နှစ်ပတ်လောက်ရှိပြီ။ အရင် ပထမအခေါက်သွားကြည့်တုန်းက မဆောက်သေးဘူး။ အခုပြန်သွားတဲ့အခါမှာ စလုပ်နေပြီ။ အဲ့အနီးတဝိုက်မှာရှိတဲ့သူတွေကို မေးကြည့်တော့ ညနေပိုင်း ခိုးလုပ်တယ်လို့ ပြောနေကြတယ်။ ပေါ်ပေါ်ထင်ထင်တော့ မလုပ်ဘူးလို့ပြောကြတယ်” ဟု သူကပြောဆိုသည်။

 

ငါးနှစ်ခန့်ရပ်နားထားသော လေယာဉ်ကွင်းကို စစ်ကောင်စီက အလျှင်စလို ပြန်လည်ဆောက်လုပ်နေသည့်အပေါ် ဒေသခံများအကြား အမျိုးမျိုးသုံးသပ်မှုများရှိနေသည်။

 

“သတင်းကြားထားတာက ကျွန်တော်တို့ရဲ့ဒေသမှာ စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေများတယ်။ အရင်ကတည်းကလည်း ကျွန်တော်တို့ဒေသကို သူတို့က အဖြူရောက်နယ်ဖြေဆိုပြီး သတ်မှတ်ထားတယ်။ လက်ရှိချိန်ထိ နောင်မွန်ဒေသကို KIA လည်းမရောက်ဘူး။ နောက် PDF ဆိုတာလည်း မရှိသလောက်ဖြစ်တယ်” အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

 

ထို့အပြင် အာဏာသိမ်းပြီးနောက် USDP ကိုယ်စားလှယ်တစ်ဦးက လေယာဉ်ကွင်းအနီးတွင် အယောက် ၂၀ ခန့်နေထိုင်နိုင်သော ဟိုတယ်တစ်ခုကို အမြန်ဆောက်လုပ်ပြီးစီးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

နောင်မွန်ဒေသသည် ကချင်ပြည်နယ်မြောက်ပိုင်း ဝေးလံခေါင်ပါးပြီး ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်နေသေးသည့် ဒေသတစ်ခုဖြစ်သောကြောင့် ရပ်နားထားသည့် လေယာဉ်ကွင်းကို ပြီးစီးအောင် အမြန်ဆောက်လုပ်ပေးရန် ဒေသခံပြည်သူတစ်ချို့ ယခင်က တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်။

 

သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွင် အခြေအနေအရ လေယာဉ်ကွင်းထက် ဆက်သွယ်ရေးကောင်းမွန်ပြီး အလွယ်တကူသွားလာဖြတ်သန်းသွားနိုင်သည့် ကားလမ်းမကြီးပြုလုပ်ပေးရန် အရင်လိုအပ်နေကြောင်း နောက်ထပ် နောင်မွန်ဒေသခံတစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့ ဒေသခံတွေက အောက်ခြေလူတန်းစားတွေများတယ်။ ပုံမှန်လေယာဉ်စီးနိုင်ဖို့က မလွယ်ဘူး။ လူနည်းစုကသာ စီးနိုင်လိမ့်မယ်။ ကားစျေးထက် လေယာဉ်စရိတ်က ပိုပြီးစျေကြီးတယ်။ ဒါကြောင့် လေယာဉ်ကွင်းမလိုအပ်သေးဘူး” ဟု ၎င်းကသုံးသပ်သည်။

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နောင်မွန်ဒေသသို့ ၂၀၁၉ ခုနှစ်က လာရောက်ခဲ့စဉ်က နောင်မွန်ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လေယာဉ်ကွင်းက အဓိကမဟုတ်ဘဲ ကားလမ်းမကြီးသာ အဓိကအရေးကြီးဆုံးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...