ကလေးမြို့တွင် အိမ်တစ်အိမ်ကိုဝင်စီးပြီး လေးဦးပစ်သတ်သည့်ဖြစ်စဉ် စစ်ကောင်စီလက်ချက်သာဖြစ်

ကလေးမြို့တွင် အိမ်တစ်အိမ်ကိုဝင်စီးပြီး လေးဦးပစ်သတ်သည့်ဖြစ်စဉ် စစ်ကောင်စီလက်ချက်သာဖြစ်

စစ်ကိုင်းတိုင်း ကလေးမြို့ အင်းယာကုန်းရပ်ကွက်တွင် ယမန်နေ့ (ဇွန် ၁၉ ရက်) ည ၉ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် အိမ်တစ်အိမ်ကိုဝင်စီး၍ သေနတ်နှင့်ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံးသည့်ဖြစ်စဉ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်သာဖြစ်ကြောင်း ဒေသခံက အတည်ပြုပြောသည်။

 

"စစ်တပ်က ကားငါးစီးနဲ့ရောက်လာတယ်။ အဲဒီ သူတို့အိမ်ကို ဝိုင်းတာပေါ့နော်။ ဝိုင်းပြီးတော့ ခဲတွေနဲ့ပေါက်တယ်။ အဲဒီချိန်မှာ အိမ်ထဲကတစ်ယောက်က ထွက်အော်တဲ့အချိန်မှာ ကျန်တဲ့သားအဖတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ လှမ်းပစ်တာ အဲဒီမှာ သားအဖနှစ်ဦးစလုံးသေသွားတယ်။ ပြီးတော့ အစ်မဖြစ်သူက မျက်လုံးထိတယ်။ ဆေးရုံမှာတဲ့ အဲဒါပြီးတော့ အိမ်ကကားတွေရော ပစ္စည်းတွေရော ယူသွားတယ်။ စစ်တပ်ဖက်က ပြည်သူတွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့လုပ်တာ တကယ်တမ်းလုပ်တာ စစ်တပ်ကလုပ်တာ" ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင်လင်မယား၊ သားဖြစ်သူနှင့် တူတော်စပ်သူတစ်ဦး စုစုပေါင်း လေးဦးသေဆုံးပြီး သမီးဖြစ်သူမှာမျက်လုံးထိမှန်ကာ တပ်ဆေးရုံတွင်ထားရှိကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုအပြီး မနက် နှစ်နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီက အသက်မပြည့်သေးသူနှစ်ဦးနှင့် အသက် ၃၀ ကျော်တစ်ဦးတို့ကို နေအိမ်အတွင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူများမှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်ရှင်၏ သားဖြစ်သူ ၁၂ နှစ်ရွယ်ကလေးတစ်ဦး၊ ဘဲအင်းရပ်ကွက်မှ ကျော်မင်းခန့်မောင် အသက် ၁၅ နှစ်အရွယ်နှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ကိုအောင်မြတ်မိုး အသက် ၃၅ နှစ်ခန့်တို့ဖြစ်ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...