ပလက်ဝတွင် အဖမ်းခံရသည့် ချင်းလူငယ်ငါးဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၍ စစ်တွေကိုပို့ဆောင်

ပလက်ဝတွင် အဖမ်းခံရသည့် ချင်းလူငယ်ငါးဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၍ စစ်တွေကိုပို့ဆောင်

ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းခံရသည့် ချင်းလူငယ်ငါးဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ယမန်နေ့ (ဇွန် ၁၈ ရက်) က ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

 

ပလက်ဝမြို့တွင် မေ ၂၈ ရက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ငါးဦးကို ဇွန် ၁၇ ရက်က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ရခြင်းဖြစ်ည်။

 

အဆိုပါ ချင်းလူငယ်ငါးဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ကို ပလက်မြို့ရဲစခန်းမှ ဇွန် ၁၇ ရက်က ခမရ (၅၁၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

 

ထို့နောက် ဇွန် ၁၈ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ပို့ဆောင်ကာ ရဲစခန်းသို့မအပ်သေးပဲ စစ်တပ်က ထိန်းသိမ်းထားဆဲဟု ၎င်းတို့နှင့်နီးစပ်သည့် သတင်းရပ်ကွက်ထံမှ သိရသည်။

 

“သူတို့ ငါးဦးကို ၁၇ ရက်က ၂၈၉ တပ်မှာ တစ်ညအိမ်ခိုင်းပြီး နောက်တစ်နေ့ကို စစ်တွေကိုတန်းပို့လိုက်တာ။ ခုထိ ရဲလက်ထဲတော့မရောက်သေးဘူး စစ်တပ်လက်ထဲမှာပဲရှိနေကြသေးတယ်" ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

 

၎င်းတို့ငါးဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံပြီး ရရှိသော ငွေကျပ် (၂၂၄၀၀၀၀) သိန်းကို ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည့် အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သည့် သတင်းရပ်ကွက်ထံမှ သိရသည်။

 

၎င်းတို့အမှုနှင့်ပတ်သက်၍ လာမည့် ဇွန် ၃၀ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးပြန်ချိန်းထားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...