KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်အင်အားတိုးချဲ့ရန်တက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို ဒေါ့ဖုန်းယန်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန် ၁၈ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဗန်းမော်ဘက်မှ စစ်အင်အား ၂၀၀ ခန့်ပါသည့် စစ်ကားခုနစ်စီးကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“ခယာဘွမ်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ တက်လာကြတာ ဟုတ်တယ်။ ထိခိုက်မှုရှိ/မရှိ အသေးစိတ်မသိရသေးဘူး” ဟု ၎င်းကပြောသည်။
အာဏာသိမ်းစစ်တပ်က အလောဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် ဖြစ်နိုင်သောကြောင့် ဗန်းမော်လမ်းမကြီးတစ်လျှောက် စစ်အင်အားအများအပြားတိုးချဲ့ကာ စားနပ်ရိက္ခာသယ်ယူနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကချင်တွင် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်များကို KIA က ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
Published
Saturday, June 19, 2021
ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီ၏ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်