ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်နယ်မြေ ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးသွားမည်ဟု KNU က ဇွန် ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အရပ်သား ၂၅ ဦးကို မေ ၃၁ ရက်တွင် KNDO က သတ်ဖြတ်ခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာခဲ့သဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။
KNU ထိမ်းချုပ်နယ်မြေ ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာမှာ ဇွန် ၁၃ ရက်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရရှိလာသော စုံစမ်းမှုရလဒ်များကို ကရင်အမျိုးသားအစည်းအရုံး KNU မှ အသိပေးထုတ်ပြန်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့်ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ ဥပဒေများနှင့်အညီ အရေးယူမှုပြုလုပ်ရန် သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများရှိကြောင်း ဆိုသည်။
Published
Friday, June 18, 2021
အရပ်သား ၂၅ ဦးသေဆုံးမှု KNDO ကို စုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်