သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် Non-CDM ကျောင်းဆရာမနှစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။
ဟိုပုံးမြို့တွင် ဇွန် ၁၁ရက်၌ Non- CDM ကျောင်းဆရာမတစ်ဦး၏ မိသားစု နေမကောင်း ဖြစ်ပြီး အနံ့ပျောက်သဖြင့်ဆေးရုံသို့ လာရောက်ပြသရာ ဆရာမနှင့် အတူ အိမ်သားနှစ်ယောက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းဆရာမနှင့်နေအိမ် အဝင်၊အထွက်ရှိသည့် Non-CDM ဆရာမ တစ်ဦးတွင် ထပ်မံတွေ့ရှိကြောင်း ဟိုပုံးမြို့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဟိုပုံးမြို့ အမက ၄ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမမိသားစုပါ၊ မနေ့က (ဇွန် ၁၁) ထိ ဆရာမကကျောင်း တက်သေးတယ်တဲ့။ မနေ့ညက ညနေပိုင်းမှာ အနံ့မရတော့ဘူးဆိုပြီး ဆေးရုံကိုရောက်လာတော့ RTK နဲ့ စစ်ကြည့်တာ သုံးဦးက ပိုးတွေ့တယ်။ ဒီနေ့လည်း အဲ့ဆရာမနဲ့ အဆက် ကျောင်းဆရာမနောက်တဦး ထပ်တွေ့တယ်” ဟု ဟိုပုံးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ဟိုပုံးမြို့ တွင်နေထိုင်သူ NON-CDM ကျောင်းဆရာမသည် မိသားစုဝင် ငါးဦးရှိသည့်အနက် ဆရာမနှင့်အတူ ၎င်း၏အမျိုးသားနှင့် ညီမတို့ကိုပါ ကိုဗစ်ကူးစက် ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
လက်ရှိတွင် ဆရာမတို့ နေထိုင်ရာအိမ်ရာကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်လူကြီးများမှ အသွား အလာ ကန့်သတ်ထားပြီး၊ ဝင်/ထွက်ခွင့်ပါ ပိတ်ထားကြောင်း ဟိုပုံးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုတော့ သူတို့နဲ့ သူတို့အိမ်ဝန်းဖက် အသွားအလာ ကန့်သတ်လိုက်ပါပြီ၊ ဒါပေမယ့် မနေ့ကထိ ကျောင်းတက်သေးတယ်ဆိုတော့ ကလေးတွေအတွက်လည်း ပူရပြီ၊ အခုလိုတွေ့တာတောင် ကျောင်းကမပိတ်ပေးသေးဘူးလေ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာပြီး တချို့သောမြို့နယ်များတွင် ပိတ်ထားသည့် ကွာရန်တင်းစင်တာများကို ပြန်လည်ဖွင့်လှစ်ထားရကြောင်း သိရသည်။
Published
Monday, June 14, 2021
ဟိုပုံးမြို့တွင် Non-CDM ဆရာမနှစ်ဦး၌ ကိုဗစ်-၁၉ တွေ့