ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ခွာဟရိန်းတောင်ကြောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာသုံးရွာမှ ပြည်သူ ၆၀၀ နီးပါးမှာ တောထဲသို့ထွက်ပြေးနေရကြောင်း သိရသည်။
“မနေ့က တိုက်ပွဲဖြစ်တဲ့ ခွါဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းတဲ့အတွက်ကြောင့် ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်တယ်။ အခုချိန်မှာတော့ အသေးစိတ်အချက်အလက်တွေ မသိရသေးဘူး။ မနေ့က တိုက်ပွဲစဖြစ်တဲ့ချိန်ကနေစပြီး အဲဒီအနီးနားက ကျေးရွာသုံးရွာက ပြည်သူတွေအနေနဲ့ ဗုံးသံတွေ သေနတ်သံတွေနဲ့ဆိုတော့ တောထဲကို ထွက်ပြေးကြပြီ။ အားလုံးက ၄၀၀ ကနေ ၆၀၀ ကြားလောက်ရှိမယ်။ သေချာ စာရင်းမကောက်နိုင်သေးဘူး” ဟု CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခွါဟရိန်းတောင်ကြောရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးအနားမှရွာသူရွာသား အားလုံးနီးပါးမှာ တိုက်ပွဲစတင် ဖြစ်ပွားသည့်အချိန်မှစ၍ စစ်ရှောင်နေကြခြင်းဖြစ်ပြီး မိုးများလည်း ဆက်တိုက်ရွာသွန်းနေကာ အစားအသောက်နဲ့ဆေးဝါးများလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ အကူအညီလိုအပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်သို့ စစ်အင်အားများတိုး ချဲ့လာမှုကြောင့် ယမန်နေ့မှ စတင်ကာ CDF-Thantlang နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
Published
Friday, June 11, 2021
ထန်တလန်မြို့နယ် ခွာဟရိန်းတောင်ကြောတွင် တိုက်ပွဲဆက်ဖြစ်ပွားပြီး တိမ်းရှောင်နေရသူ ၆၀၀ နီးပါးရှိပြီဖြစ်