ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါကလိုးခူကျေးရွာအနီးရှိ နယ်သာလန်အခြေစိုက် De Heus Myanmar Co.,ltd ကုမ္ပဏီ၏ အကြီးစား ဝက်မွေးမြူရေးစီမံကိန်းစက်ရုံသည် ဝန်ထမ်းများမရှိသဖြင့် ပျက်ဆီးမှုများဖြစ်ပေါ်နေပြီး မွေးမြူထားသည့်ဝက်များ အစာရေစာငတ်ကာ သေဆုံးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့ညကသွားတာ စက်ရုံတံခါးဝလည်းပွင့်နေတယ်။ အထဲရောက်တော့လည်း စက်ရုံဝန်ထမ်းတွေ တစ်ယောက်မှမရှိတော့ဘူး။ ပြီးတော့ အထဲမှာ စက်ရုံလည်း အကုန်ပျက်နေတယ်။ မှန်တံခါးဆိုရင်လည်း အကုန်ကွဲနေတယ်။ ဝက်ခြံဆိုရင်လည်း ဝက်တွေက အပြင်မှာ အကုန်လုံး ထွက်ကုန်ပြီ တစ်ဝက်လောက်က သေနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကရင်နီ (ကယား) ပြည်နယ် ဝက်မျိုးပွားစီမံကိန်းသည် အရှေ့တောင်အာရှတွင် အကြီးဆုံးစီမံကိန်းဖြစ်ကြောင်း သိရသည်။
စက်ရုံအတွင်းနှင့်အပြင်သည် ပျက်စီးနေပြီး စက်ရုံအတွင်း မွေးမြူထားသည့် ဝက်အကောင်ကြီးများနှင့် ဝက်သားပေါက်အကောင်ရေ တစ်ထောင်ကျော်ရှိပြီး ထက်ဝက်ခန့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြီးစားဝက်မွေးမြူရေးစီမံကိန်းကို လူထုအစိုးရလက်ထက် ၂၀၁၉ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“အနံ့တွေက တအားနဲ့ထွက်တယ်။ အစကတည်းကအနံ့က ထွက်နေပြီလေ။ ဝက်သေတွေ ထွက်ပေါ်လာခါကျတော့ အနံ့က နံ့ဟောင်နေတာပဲ စက်ရုံနားမရောက်ခင်တောင်မှ အနံ့ကကြို ရနေပြီ” ဟု လက်ရှိအခြေအနေကနှင့်ပတ်သက်၍ ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဒီမော့ဆိုမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် စက်ရုံတာဝန်ရှိသူနှင့် စက်ရုံဝန်ထမ်းများက ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြီးနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက De Heus Myanmar Col.,ltd ကို လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး နှစ် ၅၀ စီမံကိန်းဖြစ်ကာ ၁၀ နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ၂ ကြိမ် သက်တမ်းတိုးနိုင်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို အမေရိကန်ရိကန်ဒေါ်လာ သန်းပေါင်း သုံးသောင်းကျော်ခန့် ကုန်ကျခံ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းကြီးဖြစ်သည်။
Published
Friday, June 11, 2021
အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သည့် ကယားက ဝက်မွေးမြူရေးစီမံကိန်းစက်ရုံ ပျက်စီးနေပြီး ဝက်များသေဆုံးနေ