ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ သေဆုံးသူဦးရေတိုးလာ

ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲ၍ သေဆုံးသူဦးရေတိုးလာ
by -
ခိုင်လူလှ (Narinjara)

ရခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ တိုးပွားလာလျက်ရှိကြောင်း သိရသည်။

 

ရခိုင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယခုနှစ်အစောပိုင်း ဖေဖော်ဝါရီ ၁၅ ရက်အထိ မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၀ ကျော်၊ ဒဏ်ရာသူ ၇၀ ရှိခဲ့ရာမှ ယင်းနောက်ပိုင်း ဇွန် ၆ ရက်အထိ သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရသူ ၇၉ ဦးအထိတိုးလာခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ သိရသည်။

 

အဆိုပါစာရင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူဦးရေမှာ တိုးလာနေသည်ကိုတွေ့ရကြောင်း REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

 

“မိုင်းရှင်းလင်းရေးကို ထိထိရောက်လုပ်ရဖို့၊ မိုင်းအန္တရာယ်အသိပညာကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်လုပ်ရဖို့၊ ပေးထားတဲ့ပညာတွေကို ရထားတဲ့ဗဟုသုတတွေနဲ့ လိုက်နာမှုတွေ မပေါ့မဆ မထီမဲ့မြင်မလုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမျိုးလုပ်မ လျှော့ချနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ မဟုတ်လို့ရှိရင် ဒီလိုဆက်လက်ပြီး ပေါက်ကွဲမှုတွေ ဆက်လက်ပြီးရှိနေမှာဖြစ်ပါတယ်” ဟု ပြောသည်။

 

ပြီးခဲ့သည့် ဇွန် ၄ ရက်၊ နံနက် ၁ နာရီကလည်း ပုဏ္ဏားကျွန်းမြို့တွင် ဖားရှာသွားရာမှ ကောက်ယူလာသည့် စစ်လက်ကျန်ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

 

တစ်ဘက်တွင်လည်း တပ်မတော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်-စစ်တွေကားလမ်းမ ဘေးဝဲယာနှင့် ကျေးရွာအချို့တို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့မှုများရှိခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည့် ကျေးရွာအနီးများနှင့် တောတောင်အနီးနေရာများတွင် မိုင်းရှင်းလင်းမှုများကို ထိထိရောက်ရောက်လုပ်ပေးရန် လိုအပ်နေသေးကြောင်း ဦးဇော်ဇော်ထွန်းက သုံးသပ်ပြောကြားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...