KIA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ကချင်ပြည်နယ်၊ ချီဖွေမြို့ စစ်ရှောင်စခန်း ၂ တွင်နေထိုင်သည့် မူကြိုဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါဆရာမကို ဇွန် ၁ ရက်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး KIA နှင့် အဆက်အသွယ်ရှိကြောင်း တိုင်ကြားခံရသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သူ့အိမ်နားက မိန်းကလေးနှစ်ယောက်က KIA ဘက်ဝင်သွားတာကို မိဘတွေက အဲဆရာမ ဆက်သွယ်ပေးလို့ဆိုပြီး တိုင်ထားတဲ့သဘောမှာရှိတယ်။ အဲကြောင့် လာဖမ်းသွားတယ်လို့သိရတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။
ဖမ်းဆီးခံထားရသည့် အသက် ၄၀ အရွယ်ရှိ ဒေါ်လဘောင်ခေါင်ညွယ်သည် ဇန်နောင်ယန်မူကြိုကျောင်းမှ မူကြိုဆရာမဖြစ်ပြီး သားသမီး ၄ ဦး မိခင်ဖြစ်ကာ ဖမ်းဆီးခံရချိန် အငယ်ဆုံးသားငယ်ကိုပါ ခေါ်သွားကြောင်း သိရသည်။
"လာဖမ်းတာတော့ အဲဆရာမ တစ်ယောက်ကိုဘဲဖမ်းတာ ဟုတ်တယ်။ ကလေးတော့ မဖမ်းဘူး။ ဒါပေမယ့် ကလေးကလည်း ငယ်သေးတယ် သုံးနှစ်ကျော်ဘဲရှိသေးတော့ သူ့အမေမခွဲနိုင်လို့ ခေါ်သွားတာဟုတ်တယ်။ သားအမိနှစ်ယောက်စလုံး ဖမ်းတာတော့မဟုတ်ဘူး" ဆိုပြီး အမည်မဖော်လို သူ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ပြောဆိုချက်အရ KIA ဘက်သို့ဝင်သွားသည့် မိန်းကလေးနှစ်ဦးသည် မိမိဆန္ဒဖြင့်သာ ဝင်ရောက်သွားခြင်းဖြစ်ပြီး စွပ်စွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
ဆရာမလဘောင်ခေါင်ညွယ်သည် ဇွန်လ လဆန်း ၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ရဲနဲ့စစ်သားအင်အား ၂၀ လောက်ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားကာ လက်ရှိအချိန် ချီဖွေမြို့မရဲစခန်းတွင် ဖမ်းချုပ်ထားကာ စစ်ဆေးနေကြောင်း သိရသည်။
ဆရာမလဘောငခေါင်ညွယ်သည် စစ်အာဏာသိမ်းပြီးနောက် ချီဖွေမြို့ စစ်ရှောင်စခန်းတွင် ပထမဆုံး ဖမ်းဆီးခံရသူဖြစ်သည်။
Published
Monday, June 07, 2021
KIA နှင့် အဆက်အသွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား