ကယားရှိ မြို့နယ်ငါးခုတွင် အခြေခံစားသောက်ကုန်နှင့် လောင်စာဆီပြတ်လပ်မှု ကြုံတွေ့

ကယားရှိ မြို့နယ်ငါးခုတွင် အခြေခံစားသောက်ကုန်နှင့် လောင်စာဆီပြတ်လပ်မှု ကြုံတွေ့
by -
နော်ဒွေးအယ်ခူ (KT)

ကယား (ကရင်နီ) ပြည်နယ်ရှိ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့နှင့် မော်ချီးဒေသတွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးလောင်စာဆီပြတ်နေပြီး အခက်အခဲကြုံနေရကြောင်း ဒေသခံများက ပြောသည်။

 

မော်ချီးဒေသခံတစ်ဦးက “လမ်းပန်းဆက်သွယ်ရေးပဲအရင်ပြောရမှာပေါ့။ လမ်းပန်းဆက်သွယ်ရေးကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့ ကားတွေကြပ်သွားတယ်ပေါ့။ ဘယ်လိုဖြစ်ကုန်လဲဆိုရင် ပြည်သူလူထုတွေ ဒေသခံတွေကတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေကြတယ်။ ဒါပေမယ့် ရွေ့ပြောင်းလုပ်သားတွေတော့ အဆင်မပြေဘူး။ သူတို့ကစားစရာသောက်စရာတော့ ဝယ်ထားတာနည်းတယ်ပေါ့။ ဒေသခံတွေက သူ့ဟာနဲ့သူ စားစရာသောက်စရာတော့ရှိနေကြတယ်။ ရွှေ့ပြောင်းလုပ်သားတွေပဲ နည်းနည်းစိုးရိမ်ရတယ်ပေါ့။ ကုန်ပစ္စည်းတွေပြတ်သွားတာပေါ့။ အဓိကကတော့ စားစရာ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်စရာတွေပေါ့။ ပြီးတော့ စက်သုံးဆီတွေ။ ဆိုင်ကယ်တွေပဲ အဓိကစီးတော့ ဓတ်ဆီပေါ့နော်။ အဲလိုတွေ” ဟု ပြောသည်။

 

အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး စသည့်ပစ္စည်းများကို လွိုင်ကော်မြို့သို့ သွားရောက်ဝယ်ယူရနေရပြီး ဒီမော့ဆိုမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ကုန်တင်ယာဉ် သွားလာမှုနည်းပါးခဲ့သည့်အတွက် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

 

မေလ နောက်ဆုံးပတ်တွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်ခဲ့သလို လက်ရှိတွင်ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်များ ပြတ်လပ်နေခြင်းကြောင့် ဆိုင်များတွင် ရောင်းစရာပင်မရှိတော့ကြောင်း သိရသည်။

 

လွိုင်ကော်၊ ဒီမော့ဆိုမြို့ကနေ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့ကို ဖြတ်သွားရသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားနှစ်စင်း မေ ၃၀ ရက်တွင် ပျက်စီးသွားသည့်အတွက် သွားလာရေး ပိုမိုခက်ခဲသွားကြောင်း သိရသည်။

 

“အခုပိုးဆိုးသွားတာက တံတားပျက်သွားတယ်လေနော်။ တံတားတွေပျက်သွားတော့ ပိုဆိုးသွားတယ်။ အရင်က သူတို့ ဘယ်လိုစီစဉ်ထားလဲဆိုရင် အရင်က သွားလို့မရရင်တောင်မှ သူတို့တွေစီစဉ်ထားတာက တစ်ပတ်တစ်ခေါက်ဖြစ်ဖြစ် တစ်လဆို ဘယ်နှစ်ခေါက်တို့ စီစဉ်ထားတာတော့ရှိတယ်။ ဘယ်နှစ်ခေါက်သွားသယ်မလဲ။ ဂိတ်တွေ သက်ဆိုင်ရာဌာနတွေနဲ့ အဖွဲ့အစည်းတွေနဲ့ညှိပြီးတော့ပေါ့နော်။ ပစ္စည်းတွေမပြတ်အောင်ပေါ့နော အဲ့မျိုး သူတို့စီစဉ်ထားတယ်။ ဒါပေမယ့် အခုက တံတားလည်းပျက်သွားတော့ ဘယ်လိုမှစီစဉ်လို့မရတော့ဘူးပေါ့နော” ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ မြို့နယ်များတွင် အခြေခံစားသောက်ကုန်တွေဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို အလွယ်တကူဝယ်ယူမရဘဲ ကွမ်းတစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ဆန်တစ်အိတ် အနည်းဆုံး လေးသောင်းနီးပါးမှ တစ်သိန်းကျပ်အထိ၊ ဓတ်ဆီတစ်လီတာ ငါးထောင်နှင့် ဖုန်းဘေတစ်ထောင်တန်ကို ၁၅၀၀ စသည့် ဈေးနှုန်းမြှင့်တက်မှု ကြုံတွေ့နေရကြောင်း  ဒေသခံများထံမှ သိရသည်။

 

ဖားဆောင်းမြို့ဒေသခံတစ်ဦးက “အာဏာသိမ်းပြီးရက်ကတည်းက ဒီဖက်ကအေးဆေးပဲ ကယားပြည်နယ်မှာ ဖားဆောင်းအခြေအနေက အရင်တုန်းက ဆန္ဒပြတာတွေရှိတယ်။ ဒီမော့ဆိုတို့ ဖရူဆို လွိုင်ကော်တို့လိုတော့ မရှိဘူး တခြားကိစ္စတော့ အေးဆေးပါပဲ။ စားသောက်ကုန်ပြတ်တာတစ်ခုပဲ ကြာလာတော့မရဘူး။ ပြည်သူတွေအကုန်လုံး ဒုက္ခနဲ့ပေါ့။ ဝယ်လို့မှမရတော့တာကို” ဟု ပြောသည်။

 

မော်ချီးဒေသတွင် အဓိကအားဖြင့် ခဲသတ္တုတူးဖော်သည့်လုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်ပြီး လက်ရှိမှာ ဓတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူလို့မရတော့သည့်အတွက် လုပ်ငန်းလည်ပတ်မှုကို ရပ်နားထားရသဖြင့် ရွှေ့ပြောင်းလုပ်သားများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

 

မော်ချီးဒေသခံတစ်ဦးက "အလုပ်လုပ်ဖို့စက်ပစ္စည်းတွေ ဓတ်ဆီ၊ ဒီဇယ်တွေ၊ ယမ်းတွေမရှိဘူးကော။ ခဲဈေးနှုန်းလည်းကျတော့ အလုပ်လုပ်လည်းအဆင်မပြေဘူးကော။ နားနေတယ်" ဟု ပြောသည်။

 

လွိုင်ကော်မြို့မှ တစ်နာရီသာသွားရသည့် ဖရူဆိုမြို့တွင်လည်း လျှပ်စစ်မီးပျက်တာ ဆယ်ရက်ကျော်ရှိနေပြီး ဖယောင်းတိုင်အပြင် အခြေခံစားသောက်ကုန်များကို မည်သည့်ဆိုင်တွင်မျှ ဝယ်၍မရတော့ကြောင်း သိရသည်။

 

“ရောင်းစရာကိုမရှိတော့တာ။ လူတွေက အကုန်ဝယ်သွားတာလေ။ တချို့ တတ်နိုင်တဲ့သူတွေက တစ်ဆိုင်စီကနေ ဆန်ဆယ်အိတ်ရှိရင် ဆယ်အိတ်လုံးဝယ်သွားတယ်တဲ့။ တချို့ဆို ဆန် လေးငါးပြည်ဝယ်စားတာတို့၊ ၁၀ ပြည်လောက်ဝယ်စားတာမျိုးဆိုရင် ပြန်သွားဝယ်ရင် ဝယ်စရာကိုမရှိတော့တာ။ ဘယ်ဆိုင်ဖြစ်ဖြစ် ပစ္စည်းမရှိတော့ဘူး။ ကော်ဖီမစ်တောင် မရှိတော့ဘူး။ အဲလိုမျိုးဖြစ်နေတာ။ ဖရူဆိုက ဆိုင်နည်းတယ် အဓိက ဈေးနေ့တွေမှာလာရောင်းတဲ့ ပစ္စည်းတွေကို ရွာတွေက ဆင်းဝယ်တာလေ။ အခု ဈေးက သုံးစျေးရှိသွားပြီပေါ့နော်။ ငါးရက်တစ်ဈေးလေ။ ကျွန်မတို့ဖရူဆိုက အခု သုံးဈေးရှိသွားပြီ။ ဈေးနေ့ ဈေးတွေလည်းမဖွင့်တော့ဘူး။ ဈေးသည်လည်း မလာတော့ဘူးဆိုတော့ အဲ့ဆိုင်တွေပဲ ရွာကလာဆင်းဝယ်တာဆိုတော့ ဘာပစ္စည်းမှမရှိတော့တာ။ ဖယောင်းတိုင်လုံးဝမရှိတော့ဘူး။ မီးပျက်တာ ၁၃ ရက်ရှိပြီ။ ဖယောင်းတိုင်လည်း ဝယ်လို့မရဘူး။ ဒီအတိုင်း အမှောင်ထဲမှာပဲ မီးတုတ်နဲ့ ဟိုး.. ခေတ်တုန်းကလို ပြန်နေရပြီ” ဟု ဖရူဆိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

မေလလယ်တွင် ပြည်နယ်အတွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းများ အသွား/အလာနည်းပါးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သွားလာမှုရပ်ဆိုင်းသွားကာ ကယားပြည်နယ်အတွင်းဝင်ရောက်မည့် အဝင်/အထွက်လမ်းကို မေ ၂၈ ရက်မှစ၍ စစ်ကောင်စီက ပိတ်ထားလိုက်ခြင်းကြောင့် ကုန်သွယ်မှုပိုမိုခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...