မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၃၀၀၀ ကျော်ကို အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
တာဝ မော်လမြိုင်မြို့နယ်မှ ၃၃၈ ဦး၊ ရေးမြို့နယ်မှ ၆၁၇ ဦး၊ မုဒုံမြို့နယ်မှ ၂၁၉ ဦး၊ ချောင်းဆုံမြို့နယ်မှ ၁၁၂ ဦး၊ ကျိုက်မရောမြို့နယ်မှ ၃၃၂ ဦး၊ ပေါင်မြို့နယ် မှ ၄၄၁ ဦး၊ သထုံမြို့နယ်မှ ၅၃၀ ဦး၊ ကျိုက်ထိုမြို့နယ်မှ ၅၇၉ ဦးတို့နှင့်အတူ မြို့နယ်ပေါင်းစုံမှ အထက်တန်းနှင့် အလယ်တန်းပြ ၁၂ ဦးတို့အား လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းတို့ကြောင့် တာဝန်မှ ယာယီဆိုင်းငံ့ထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့က ဆရာ၊ ဆရာမ ၂၀၂ ဦးတို့ကို ရာထူးမှထုတ်ပတ်လိုက်ကြောင်း တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၏ အမိန့်ကြေညာစာအရ သိရသည်။
မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) တို့တွင် အစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ ရုံးတက်ရောက်မှု ပျက်ကွက်ခြင်းတို့ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့မှ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
အဆိုပါ ဆရာ၊ ဆရာမများကို မေ ၂၁ ရက်နေ့မှ စတင်ပြီး ရာထူးမှထုတ်ပယ်ကြောင်း၊ မော်လမြိုင်တက္ကသိုလ်မှ ၁၅၅ ဦး၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်) မှ ၄၇ ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းများအနေဖြင့် ပြစ်ဒဏ်နှင့်စပ်လျဥ်း၍ ကျေနပ်မှုမရှိပါက အမိန်ကြေညာစာလက်ခံသည့်နေမှစ ၆ လအတွင်း နိုင်ငံဝန်ထမ်းများ နည်းဥပဒေ ၂၂၀ နှင့်အညီ အယူခံတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရာထူးပြန်လည်ရရှိရန်အတွက် ထုချေလွှာတင်ခြင်း၊ တောင်းပန်စာရေးခြင်းမျိုးတွေ ပြုလုပ်သွားမည်မဟုတ်ကြောင်း ရာထူးမှထုတ်ပယ်ခံရသည့် တက္ကသိုလ်ဆရာမတစ်ဦးက ဆိုသည်။
ရာထူးမှ ထုတ်ပယ်ခံရသည့် ဆရာ၊ ဆရာမများထဲတွင် ပါမောက္ခ (ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ စာကြည့်တိုက်မှူး စသည့် ရာထူးရှိသူများပါဝင်ကြောင်း သိရသည်။