အာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ တတိုင်းပြည်လုံးကို ထိန်းချုပ်ရန်ကြိုးပန်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုအတိုင်းအတာက လူတွေကို အံ့အားသင့်စေခဲ့သည်။
သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချစ်ဟော်ဆေး (Richard Horsey) ကမူ အာဏာသိမ်းမှုကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သည့် ဒုစရိုက်ဂိုဏ်းများနှင့် တရားမဝင်ဒုစရိုက်ဂိုဏ်းသားများကို အကြီးအကျယ် အကျိုးဖြစ်ထွန်းစေခဲ့သည်ဟုဆိုသည်။
နိုင်ငံတကာအကြပ်အတည်းလေ့လာရေးအဖွဲ့ (ICG) ၏ မြန်မာနိုင်ငံဆိုင်ရာအတိုင်ပင်ခံ ရစ်ချစ်ဟော်ဆေးက “အာဏာသိမ်းလို့ဘာတွေဖြစ်လဲ။ အာဏာသိမ်းတဲ့ထဲပါတဲ့ လူအကုန်လုံးနီးပါးကတော့ အရှုံးသမားတွေဖြစ်သွားကြတာဘဲ။ နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ အဲဒီထဲပါတဲ့ ဂိုဏ်းဝင်တွေနဲ့ သူတို့စီးပွားရေးတွေဘဲ အကျိုးဖြစ်သွားကြတာ” ဟု ပြောသည်။
မြန်မာစစ်အာဏာသိမ်းမှုရလဒ်များ - တရားမဝင်စီးပွားရေးများ၊ လူကုန်ကူးမှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆိုသည့်ခေါင်းစဉ်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် မကြာမီကကျင်းပခဲ့သော အွန်လိုင်းဆွေးနွေးပွဲတွင် သူက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးကို အကျိုးဆောင်အဖြစ် FCCT ဥက္ကဋ္ဌဟောင်း ဂွင်ရော်ဘင်ဆင် (Robinson) ကဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးသူများထဲတွင် လူကုန်ကူးမှုဆိုင်ရာ လွတ်လပ်သောအကြံပေး မာရီကာမက်အဒမ် (Marika McAdam) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇတ်ဝတ်မှုရုံး (UNODC) ၏ ဒေသဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီဒေါက်ဂလပ်စ် (Jeremy Douglas) တို့လည်း ပါဝင်သည်။
ပုံမှန်စီးပွားရေး၊ ပုံမှန်မဟုတ်သောစီးပွားရေးနှင့် တရားမဝင်စီးပွားရေးတို့၏ ဒိုင်းနမစ်
မြန်မာ့စီးပွားရေး၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး လုံးဝ ပြောင်းလဲသွားခဲ့ပြီး မြန်မာနိုင်ငံ၏ ပုံမှန်၊ ပုံမှန်မဟုတ်သော၊ တရားမဝင်စီးပွားရေးတို့အကြား အခြေခံအားဖြင့် ပြောင်းလဲသွားစေခဲ့ပြီး ဒေသတွင်းပါ အလားတူခြေခံအားဖြင့် ပြောင်းလဲသွားစေခဲ့သည်ဟု ဟော်ဆေးကပြောသည်။
စစ်တပ်ဦးဆောင်သည့် အာဏာသိမ်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး အမျိုးသားစီးပွားရေးကို ပြိုလဲလုနီးနီးအခြေသို့ ဆိုက်ရောက်သွားစေခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း အယုံအကြည်မဲ့သွားသည်။ ငွေပေးချေမှုများလည်း ရပ်တန့်သွားကာ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ထုတ်ယူသွားပြီး အနာဂတ်တွင်ရောက်လာနိုင်မည့် သဘောတူစာချုပ်များလည်း ပျောက်ကွယ်သွားတော့သည်။ လက်ရှိဖြစ်ပေါ်နေသည့် တိုင်းရင်းသား နိုင်ငံရေးလက်နက်ကိုင်ပဋိပက္ခမှာလည်း အသစ်တဖန် ပြန်ပေါက်ကွဲလာကာ တိုင်းပြည်တွင်း မလုံခြုံမှုမှာ ပိုမိုကျယ်ပြန့်လာသည်။
နိုင်ငံ၏ပုံမှန်စီးပွားရေးမှာ အနည်းဆုံး ၁၀% ကျုံ့ဝင်သွားလိမ့်မည်ဟု ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့်ပစိဖိတ် စီးပွားရေးနောက်ဆုံးအခြေအနေက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ ပုံမှန်စီးပွားရေးကို အထောက်အကူပြုနေပြီး စည်ပင်နေကာ ပြည်သူအများစု ဝင်ငွေရရေးအတွက် မှီခိုအားထားနေရသည့် ပုံမှန်မဟုတ်သော စီးပွားရေးမှာလည်း ပျက်စီးပြိုလဲနေပြီဟုဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တွမ်အင်ဒရူး (Tom Andrews) က လူပေါင်းနှစ်သိန်းခွဲ မိမိနေရပ်စွန့်ခွာခဲ့ရပြီဟုပြောသည်။ ကုလဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကလည်း မြန်မာနိုင်ငံလူဦးရေ၏ ၄၈.၂% မှာ နောက်နှစ်တွင် ဆင်းရဲမွဲတေမှုမျဉ်းအောက် ကျရောက်သွားမည်ဟုဆိုသည်။ ထိုမျဉ်းမှာ မသေရုံစားရသည့်အဆင့်ကို ဆိုလိုခြင်းဖြစ်သည်။
တိုင်းပြည်တဝှမ်းရှိ ပုံမှန် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆောင်ရွက်ချက်များကို ထိန်းကျောင်းလျက်ရှိသည့် တရားဥပဒေစိုးမိုးရေး ရဲလုပ်ငန်းများနှင့် ပုံမှန်ဆောင်ရွက်မြဲလုပ်ငန်းများမှာ အာဏာသိမ်းမှုကြောင့် ကမောက်မကဖြစ်သွားခဲ့ရပြီး မသေချာမရေရာမှု၊ မလုံခြုံမှုတို့သာ မြန်မာ့စီးပွားရေးကို ပုံဖော်လျက်ရှိသည်ဟု ဟော်ဆေးကရှင်းပြသည်။
ဤနည်းဖြင့် မြန်မာ့စီးပွားရေးတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများ စည်ပင်လာရန် အခြေအနေများကို စစ်အာဏာသိမ်းမှုက ဖန်တီးပေးလိုက်သည်။
“ကမ္ဘာ့ဘဏ်နဲ့ ကုလဖွံ့ဖြိုးရေးအစီအစဉ်တို့က ပြောနေတဲ့ စီးပွားရေးတဟုန်ထိုးကျဆင်းခြင်းက တရားမဝင်စီးပွားရေးကို တရှိန်ထိုးတက်လာစေတော့မှာဖြစ်ပြီး နောက်တဆင့်ခုန်တက်ဘို့ အကြီးအကျယ် အလားအလာရှိနေတယ်” ဟု ဒေါက်ဂလပ်ကပြောသည်။
ယင်းအချက်မှာ အလွန်အန္တရာယ်ရှိသည်။ ဘာလို့လဲဆို တရားမဝင်စီးပွားရေးဟာ တခုလုံးစီးပွားရေးရဲ့ပါဝင်မှုမှာ အချိုးအစားမြင့်လာပြီဆိုရင် အာဏာချိန်ခွင်လျှာကလဲ ပုံမှန်ကနေ တရားမဝင်စီးပွားရေးကို ရွေ့သွားမှာဖြစ်လို့ဘဲဟု ဟော်ဆေးကပြောသည်။
“ကဏ္ဍတခုက စီးပွားရေးမှာလွှမ်းမိုးသွားရင် အဲဒါက စီးပွားရေးအပေါ် ဩဇာသက်ရောက်မှုရှိတော့မှာဘဲ။ ဒါက ပိုက်ဆံရှာတဲ့နေရာဖြစ်သွားပြီ။ အာဏာကလဲ အဲဒီနေရာမှာဘဲစုပုံသွားမှာဘဲ။ ပြီးတော့ အာဏာရှိတဲ့နေရာမှာ နိုင်ငံရေးကလဲ ဩဇာသက်ရောက်မှုခံရတော့မယ်။ ဒီတော့ မြန်မာ့စီးပွားရေးမှာ တရားမဝင်စီးပွားရေးက အများပြားနေရာယူလာပြီဆိုရင် တရားမဝင်စီးပွားရေးလုပ်နေသူတွေက စီးပွားရေးနယ်ပယ်မှာတင်မဟုတ်၊ နိုင်ငံရေးနယ်ပယ်မှာလဲ ပိုပြီးဩဇာအာဏာရှိလာတော့မယ်။ ပဋိပက္ခနဲ့ တခြားနေရာတွေမှာလဲ ဒီလိုဘဲဖြစ်မယ်”
လူများရွှေ့ပြောင်းအခြေချခြင်းနှင့် လူကုန်ကူးမှု
လူကုန်ကူးမှုကို တုံ့ပြန်ရတာတွေက မူးယစ်ဆေးဝါးနဲ့ တခြားရာဇဝတ်မှုတွေနဲ့ မတူဘူး၊ သူက သိပ်အကဲဆတ်ပြီး မတူကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ရသည်။
မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း အထူးသဖြင့် လူကုန်ကူးမှုအပေါ် တိုးတက်မှုအောင်မြင်မှုအချို့ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ထိုအရာများသည်လည်း ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်ဟု မက်အဒမ်က ညည်းတွားသည်။
“ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဘို့ ကျနော်တို့ ဗဟိုဌာနတခုရှိခဲ့တယ်။ ခိုင်မာတဲ့ တရားဥပဒေတွေနဲ့ နှစ်ဘက်အပြန်အလှန် သဘောတူညီချက်တွေလဲရှိထားတယ်။ ဒီနည်းနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်တဲ့ သမရိုးကျလမ်းကြောင်းတွေကို ပိတ်ထားနိုင်ပြီး အလုပ်ဈေးကွက်ရှိရာဆီဘဲ လူတွေရွှေ့ပြောင်းသွားလာတာဖြစ်စေခဲ့တယ်။ ခုတော့ အဲဒါတွေ ဘာတွေဖြစ်ကုန်ပြီလဲ” ဟု သူကပြောသည်။
လတ်တလောအခြေအနေများတွင် ယခင်ကတဲကရှိနေပြီးဖြစ်သည့် မြင့်မားသောနှုန်းထက် ယခုအခါ မြန်မာပြည်တွင်းမှ ရွှေ့ပြောင်းထွက်ခွာနေကြသည်။ နယ်စပ်များတွင် တင်းကြပ်မှုများရှိလာသည့်အခါ နယ်စပ်ဖြတ်ကျော်နိုင်ရေးအတွက် အဆိုပါ ရာဇဝတ်ဂိုဏ်းသားများက လူများ၏အားနည်းချက်နှင့် ပျော့ကွက်ကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ကြသည်။ ထိုလမ်းကြောင်းများကို မဖြစ်မနေ သုံးလာရသည့်အတွက် ထိုလုပ်သားများသည် ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းခံကြရပြီး တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများအဖြစ် တံဆိပ်ကပ်ခံရတာ စစ်အစိုးရထံ ပြန်ပို့ခြင်းခံကြရသည်။
ကလေးများရော လူကြီးများပါ အတင်းအဓမ္မ လက်ထပ်ပေးခြင်းအပါအဝင် ပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးခြင်းခံကြရသည်။ အချို့မှာ သတ္တုတွင်းများတွင်၎င်း၊ ငါးဖမ်းလုပ်ငန်းများတွင်၎င်း၊ စိုက်ပျိုးရေးနှင့် အခြား ယင်းနှင့်ဆက်နွယ်သော လုပ်ငန်းများတွင်၎င်း ရောင်းချခံကြရသည်။ အချို့မှာ စစ်ရေးပဋိပက္ခများတွင် အထမ်းသမားများအဖြစ်၎င်း၊ လူသားဒိုင်းများအဖြစ်၎င်း အတင်းအကြပ်ခိုင်းစေခံကြရပြီး အချို့မှာ ရာဇဝတ်မှုများကျူးလွန်ရာတွင် ဒရိုင်ဘာများအဖြစ်၎င်း ပစ္စည်းသယ်ဆောင်သူများအဖြစ်၎င်း အသုံးတော်ခံကြရသည်။
အာဏာသိမ်းအပြီး အချက်အလက်စုဆောင်းကောက်ယူမှုလုပ်ငန်းများ ပျက်စီးသွားသည့်အတွက် လူကုန်ကူးမှုနှင့် လူမှောင်ခိုထုတ်ခြင်းလုပ်ငန်းများအပေါ် ခန့်မှန်းတွက်ဆခြင်းကိုသာ မက်အဒမ် လုပ်နိုင်သည်။ သို့သော် အဆိုပါရာဇဝတ်မှုများကို ဆန့်ကျင်တိုက်ဖျက်ရန် ဆောင်ရွက်နိုင်စွမ်းနှင့် နိုင်ငံရေးစိတ်ဆန္ဒ ‘အလွန်အမင်းနည်းသွားခြင်း’ ဆိုသည့် ကိစ္စနှစ်ရပ်ကိုမူ သူသေချာပေါက်ပြောနိုင်ကြောင်း သူကပြောသည်။
လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်များ
ပဋိပက္ခများအရှိန်မြင့်လာခြင်းနှင့် အပစ်ရပ်စာချုပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးသွားခြင်းနှင့်အတူ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ (EAOs) များ၏ အနာဂတ်မှာ ပို၍ပင် မသေချာမရေရာဖြစ်လာခဲ့သည်။ မကြာမီရောက်လာတော့မည့် ပဋိပက္ခများအတွက် ပြင်ဆင်ဘို့ ငွေပိုလိုလာပြီး ထိုပဋိပက္ခများမှာ ငွေကုန်ကြေးကျများလိမ့်မည်ဟု ဟော်ဆေးက မှတ်ချက်ချသည်။
အချို့သူများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးကသောင်းကနင်းဖြစ်မှုများက စစ်အစိုးရနှင့်ဆက်ဆံရာတွင် သူတို့အတွက် အခွင့်အလမ်းပေးသလိုဖြစ်ပြီး သူတို့အတွက် အာဏာလဲပိုရှိလာမည်ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် ထိုသို့ တရားမဝင်စီးပွားရေးများ ကြီးထွားစည်ပင်လာခြင်းမရှိစေရန် ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ရာတွင် စစ်တပ်ကလည်းပါဝင်ခဲ့သည်။ ထိုသို့လုပ်ခဲ့ခြင်းမှာ ထိုတရားမဝင်စီးပွားရေးများ စည်ပင်လာခြင်းကို တားဆီးရန်မဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ထိုစီးပွားရေးလုပ်ငန်းများမှဝင်ငွေဖြင့် အင်အားတောင့်တင်းလာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ ထူထောင်လာနိုင်ကြမည်ကို စိုးရိမ်ပူပန်၍ဖြစ်သည်။
EAOs များမှာမူ ကျောက်စိမ်းများ ပိုမိုတူးဖော်ခြင်း၊ သစ်ပင်များ ပိုမိုခုတ်လှဲခြင်း၊ ဘိန်းများပိုစိုက်ခြင်းတို့ကို လုပ်ခြင်းဖြင့် သူတို့၏တရားမဝင်စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ခဲ့ကြသည်။ နယ်စပ်ရှိ အဖွဲ့များကမူ အခွန်ကောက်ခြင်းနှင့် ယင်းပစ္စည်းတို့ကို ရောင်းဝယ်ခြင်းတို့ လုပ်ကြသည်။ အချို့အဖွဲ့များအတွက်မူ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းတို့မှာ သူတို့အတွက် အစဉ်အလာ ဝင်ငွေရရာလမ်းကြောင်းများဖြစ်သည်။
မြို့ကြီးများနှင့်မြို့ငယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးသွားပြီး အထူးသဖြင့် ဆင်းရဲသောဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများမှအလုပ်အကိုင်များလည်း ဆုံးရှုံးသွားခဲ့ရပြီဆိုပါက တရားဝင် စီးပွားရေးလုပ်ငန်းများမှာ သေးကျုံ့သွားတော့မည်ဖြစ်ပြီး လူအချို့မှာ ဘိန်းစိုက်ဒေသများသို့ ပြန်ရောက်သွားမည်ဖြစ်ကာ ထိုနည်းဖြင့် ဝင်ငွေရှာရတော့မည်ဖြစ်သည်။
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း (TOC)
မြန်မာနိုင်ငံ၏တရားမဝင်စီးပွားရေးကို ကာလကြာရှည်စွာပင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့် လူဆိုးဂိုဏ်းများက ကြီးစိုးထားခဲ့ကြပြီး လွန်ခဲ့သောနှစ်အနည်းငယ်ကမူ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်းတို့က အဓိကဖြစ်နေခဲ့သည်။
မြို့ငယ်များနှင့် မြို့ကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးခြင်း၊ အထူးသဖြင့် ဆင်းရဲသောဒေသများတွင် လယ်ယာစိုက်ပျိုးရေးအလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ တရားဝင်စီးပွားရေး သေးကျုံ့သွားခြင်းတို့ကြောင့် လူအချို့မှာ ဝင်ငွေရရေးအတွက် ဘိန်းစိုက်ပျိုးရေးဘက်သို့ပြန်ရောက်သွားလိမ့်မည်ဟု ဒေါက်ဂလပ်စ်က မျှော်လင့်ထားသည်။
ဘိန်းစိုက်ပျိုးရန် အနည်းဆုံးအချိန် ၁၂ လခန့်လိုသည့်အတွက် ဘိန်းစီးပွားရေးကျယ်ပြန့်လာမှုမှာ နှေးကွေးနေဦးမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။ ဘိန်းထုတ်လုပ်ခြင်းနှင့် ဘိန်းကုန်ကူးခြင်းကွန်ရက်ကြီး ပြန်လည်အသက်သွင်းပြီးပြီဆိုပါက ဘိန်းရိတ်သိမ်းချိန်အပြီး ဘိန်းဖြူစီးပွားရေးလည်း နောက်ကလိုက်ပါလာမည်ဖြစ်သည်။ ဤဆင့်တွင် ငွေကြေးသည် ဘိန်းကုန်ကူးမှုကိုထိန်းချုပ်ထားသည့် အုပ်စုများထံသို့ရောက်သွားမည်ဖြစ်သည်။ အချိန် ၁၂ လ မှ ၁၈ လအတွင်း ဘိန်းဖြူအမြောက်အမြား ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်လာမည်ဖြစ်သည်။
မက်သာမက်ဖက်တမင်း
နယ်စပ်ဖြတ်ကျော်မှုခင်းများဂိုဏ်းဖွဲ့ကျူးလွန်ခြင်း (TOC) တွင် မက်သာမက်ဖက်တမင်းထုတ်လုပ်ရေးသည် အဓိကဇာတ်လိုက်ဖြစ်နေသည်ဟု ဒေါက်ဂလပ်စ်က ဇောင်းပေးပြောကြားသည်။ ယင်းသည် ဘိန်းကဲ့သို့မဟုတ်ဘဲ လူအနည်းငယ်သာ ပါဝင်ထုတ်လုပ်ရခြင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်လုပ်မှုကို တိုးမြှင့်နိုင်စွမ်းရှိသည်ဟု ဒေါက်ဂလပ်စ်ကပြောသည်။
နယ်စပ်များပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးကွန်ရက်များ ပြတ်တောက်နေသည့်တိုင် မြန်မာနိုင်ငံမှ ဓါတုမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု အထူးသဖြင့် မက်သာမက်ဖက်တမင်း ထုတ်လုပ်ရောင်းဝယ်မှုသည် အလွန်ခံနိုင်ရည်ရှိပြီး နှိမ်နင်းရခက်သည်ကို လွန်ခဲ့သောနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ယင်းတို့ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအများအပြား စံချိန်တင်ဖမ်းမိခဲ့ခြင်းက သက်သေပြနေသည်။
ဤအခြေခံမှကြည့်လျှင် မြန်မာ့စီးပွားရေးမှာ ဇောက်ထိုးဆင်းနေပြီး အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသမှာမူ ကိုဗစ် ၁၉ ကပ်ရောဂါကိုထိန်းချုပ်လာနိုင်ခြင်းနှင့်အတူ ပြန်လည်စတင်ခုန်တက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ အုပ်စုများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်များဂိုဏ်းများက ပူးပေါင်းရန် အသင့်ဖြစ်နေကြပြီဖြစ်ပြီး တရားမဝင် မူးယစ်ဆေးဝါးလိုအပ်ချက်လည်း မြင့်မားလာလိမ့်မည်ဟု ခန့်မှန်းရသည်။
နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအတွက် ဤလုပ်ငန်းမှ ဒေါ်လာဘီလီယံဆယ်ချီ ရှာဖွေပေးနိုင်မည်ဖြစ်ပြီး ထိုအထဲမှ အနည်းစုသာ မြန်မာနိုင်ငံသို့ ပြန်ရောက်သွားမည်ဖြစ်သည်။ မက်သာမက်ဖက်တမင်းဆေးများကို ကမ္ဘာတဝှမ်း ဖြန့်ချီကြမည်ဖြစ်ပြီး ထိုင်းတွင် ဈေးကွက်ဝေစု ၁၀၀% အထိရမည်ဖြစ်ကာ ဒေသတွင်းနှင့်တရုတ်ပြည်တွင် ၈၀-၉၀% အထိ ရရှိမည်ဖြစ်သည်။ ဩစတြေလျ၊ ဂျပန်နှင့် ထိုင်ဝမ်ဈေးကွက်များတွင်မူ အဆိုပါမူးယစ်ဆေးဝါးထောက်ပံ့မှုကို စိုးမိုးထားမည်ဖြစ်သည်။
ဒေါက်ဂလပ်စ်ကမူ ‘ဒေသတွင်းထူးခြားသည့်သက်ရောက်မှု’ ရှိလာမည်ဖြစ်သည်ဟု ကောက်ချက်ချ နိဂုံးချုပ်ထားသည်။
လက်နက်များ
EAOs များနှင့် ပြည်သူ့စစ်အဖွဲ့များသာမက ယခုအခါ ခုခံဆန့်ကျင်ရေးအဖွဲ့သစ် ခန့်မှန်း ၄၀ ခန့်ကလည်း သူတို့ကိုယ်သူတို့ လက်နက်တပ်ဆင်ရန် လက်နက်များရှာဖွေနေကြသည်ဟု ရော်ဘင်ဆင်က မှတ်ချက်ပြုသည်။
ဒေသတွင်းတွင် လက်နက်မှောင်ခိုဈေးကွက်မှာ ကာလကြာရှည်စွာတည်ရှိနေခဲ့ပြီး တရားမဝင် လက်နက်မှောင်ခိုသယ်ယူသည့် လမ်းကြောင်းတခုမှာ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်များရှိ သောင်းကျန်းသူများထံသို့ ရောက်ရှိသွားသည်ဟု ဟော်ဆေးကရှင်းပြသည်။
အစဉ်အလာအားဖြင့် အဆိုပါဈေးကွက်များနှင့် လမ်းကြောင်းများမှာ ကာလရှည်ကြာကတဲက အဆက်အသွယ်ကောင်းသည့် အုပ်စုအချို့ထံတွင်သာရှိသည်။ မည်သို့ပင်ဖြစ်စေ ယင်းအချက်သည် ငွေကြေးနှင့် သံန္နိဌာန်တို့ကြောင့် ပြောင်းလဲသွားနိုင်သည်ဟု ဟော်ဆေးက မှတ်ချက်ပြုသည်။ အဆိုပါ အဆက်အသွယ်များအကြားမကြာသေးခင်ကဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ပွဲများက ထိုအချက်ကို သက်သေပြနေသည်ဟု သူကဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း အတွင်းပိုင်းကျကျနေရာတွင် လှုပ်ရှားနေသော မူးယစ်ဆေးဝါးကုန်ကူးသည့် ဂိုဏ်းတခုကပြုလုပ်ခဲ့သည့် လက်နက်မှောင်ခိုမှုကို ဧပြီလအတွင်း တာချီလိတ်တွင် လက်နက်အများအပြားဖမ်းမိခဲ့ပြီး ယင်းအချက်က လက်နက်မှောင်ခိုကူးသန်းမှု အသစ်တဖန် ပြန်လည်ဖြစ်ပွားလာနေသည်ကို ညွှန်ပြနေသည်ဟု အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးခဲ့သူများက ပြောသည်။
ဒီနေရာကနေဘယ်ကိုသွားမလဲ
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ဂိုဏ်းဖွဲ့ကျူးလွန်ခြင်းကို ဒေသတွင်း ပူးပေါင်းနှိမ်နင်းရေးမှာမူ သိသိသာသာ ပြောင်းလဲသွားမည်မဟုတ်ပါဟု ဒေါက်ဂလပ်စ်ကပြောသည်။ သို့သော် လုပ်နိုင်စရာအများအပြားရှိနေပြီး လုပ်လဲလုပ်ရမည်ဖြစ်သည်ဟု သူကပြောသည်။
ဒေသတွင်းနိုင်ငံများက အချက်အလက်မျှဝေမှု မလုပ်ကြသည့်အတွက် ယင်းအချက်သည် ရှေ့တွင် ‘အဓိက’ လုပ်ငန်းဖြစ်လာလိမ့်မည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဒေသတွင်း တရားမဝင်စီးပွားရေးများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ဂိုဏ်းဖွဲ့ကျူးလွန်ခြင်းတို့ကို ထိန်းချုပ်ကိုင်တွယ်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေရာတွင် လက်ရှိအခြေအနေများက စောင့်ကြည့်အကဲခတ်သည့် အဖွဲ့အစည်းများအတွက် တွန်းအားဖြစ်စေသည်။ အကြောင်းရင်းဇစ်မြစ်နှင့် ပဋိပက္ခများကို တွန်းဆော်ပေးနေသည့်အရာများကို ပြန်လည်အာရုံစိုက် လေ့လာလုပ်ကိုင်ရမည်ဖြစ်သည်။
လူကုန်ကူးခြင်းနှင့် လူမှောင်ခိုထုတ်ခြင်းတို့ကို ပိုမိုထိရောက်သည့် ချဉ်းကပ်မှုများပြုလုပ်နိုင်ရန် အခွင့်အလမ်းရှိသည်ဟု အဒမ်ကလည်းမြင်သည်။ အတင်းအကြပ်ရွှေ့ပြောင်းအခြေချခံရသူများကို ရာဇဝတ်မှုများအဖြစ် ရှုမြင်ခြင်းမပြုဘဲ နယ်စပ်ဖြတ်ကျော်မှုခင်းများကိုသာ တိုက်ရိုက်တုံ့ပြန်ရန် မိမိတို့၏ကြိုးပန်းမှုများကို ပြန်လည်လှည့်ပြောင်းရမည်ဟု အဒမ်ကပြောသည်။
ဤပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ဤ ‘ပွဲရှည်’ ကြီးတွင် အဆင့်ပေါင်းများစွာရှိသည်ဟု အဒမ်က နိဂုံးချုပ်ကောက်ချက်ချသည်။ ယခုဇတ်လမ်းမှာ ‘ငါတို့နဂိုလမ်းပေါ်ပြန်ရောက်အောင် ဘယ်လိုလုပ်မလဲ’ မဟုတ်ဘဲ ‘ပိုကောင်းတဲ့လမ်းပေါ်ရောက်အောင် ဘယ်လိုလုပ်မလဲ’ ဖြစ်သည်။