မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မတူပီတစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်

မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မတူပီတစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ မတူပီမြို့တွင် မေ ၂၃ ရက် (တနင်္ဂနွေ) နေ့က မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ဟု သတင်းပျံနှံ့ခဲ့ပြီးနောက် မတူပီတမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ခံတချို့သာကျန်တော့ကြောင်း သိရသည်။

 

“၂၃ ရက်နေ့ ပစ်မယ်ဆိုပြီး သတင်းကြားတော့ ဒီမြို့ပေါ်ကလူတွေအကုန်လုံး နယ်ဖက်အကုန်းလုံး ပြေးသွားတယ်။ ကျန်ခဲ့တာဆိုလို့ မတူပီမြို့ခံ အစစ်တွေပဲကျန်ခဲ့တာ။ ဟိုးအရင်ကတည်းက နေလာတဲ့သူတွေ ဒေသခံအစစ်တွေပေါ့။ ရွာကနေတက်လာတဲ့သူတွေကြတော့ ကိုယ့်ရွာကို ပြန်သွားတာလေ။ ဒီဒေသခံအစစ်တွေကြတော့ ကျန်ခဲ့တယ်။ သူတို့ကြတော့ သွားစရာမရှိဘူးဆိုတော့ ဒီဟာပဲ ကိုယ့်ဒေသဆိုတော့လေ အဲ့လိုမျိုးတွေပဲ ကျန်ခဲ့တယ်။ တချို့နေရာတွေက ကျန်ပါသေးတယ်။ တော်တော်များများကတော့ မရှိတော့ဘူး။ သူတို့က ရွာကိုအပြီးရှောင်တာ အဲ့လိုမျိုး စစ်ဘေးရှောင်ပုံစံဖြစ်သွားတာပေါ့နော်။ အထုပ်အပိုးနဲ့ပြေးပြီး ပြန်ကုန်တာ ကိုယ့်ရွာကိုယ်ပြန်တာ။ အိမ်တွေဆိုရင် အကုန် ဒီအတိုင်းပဲထားခဲ့ပြီ” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

 

မတူပီမြို့ပေါ်တွင် ရပ်ကွက်ကြီးလေးရပ်ကွက်ရှိပြီး စန်းဘောင်ရပ်၊ ခူဘွေရပ်ကွက်၊ လောင်ဗိုင်း၊ ငလားရပ်ကွက်ဖြစ်ပြီး ၎င်းတို့ရပ်ကွက်ထဲတွင်လည်း မြို့ခံ၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးအခက်အခဲ ကြောင့် မတိမ်းရှောင်နိုင်သူများသာ ကျန်ရစ်ခဲ့သည်ဟု သိရသည်။ 

 

ပြီးခဲ့သည့် မေ ၂၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖနိုင်ကျေးရွာမှ နှစ်ဦး၊ ရှန်းကီကျေးရွာမှ နှစ်ဦး၊ ကျုပ်ရွာမှ တစ်ဦး၊ ဟားလ်တူးကျေးရွာမှ နှစ်ဦး စုစုပေါင်း လူငယ်ခုနစ်ဦးတို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် နှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန်ငါးဦးကို ဆက်လက်ဖမ်းဆီးထားကြောင်းနှင့် လက်ရှိ မတူပီမြို့ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိကြောင်း သိရသည်။

 

ထို့ပြင် မတူပီမြို့သို့ဝင်လာသည့် စက်သုံးဆီများအားလုံးကို စစ်တပ်ကသိမ်းဆည်းသဖြင့် တစ်ဂါလံ ၆၀၀၀ ဝန်းကျင်အထိ ဈေးတက်သွားသည့်အပြင် ဝယ်ရမည့်နေရာပင်မရှိတော့ကြောင်း မြို့ခံများထံမှ သိရသည်။

 

ချင်းပြည်နယ်အနှံ့ရှိ မြို့ပေါ်တွင်နေထိုင်သူများမှာ စစ်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ကျေးရွာများနှင့် အိန္ဒိယနိုင်ငံဘက်သို့ နေ့စဉ် ထွက်ပြေးတိမ်းမှုများရှိနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...