ဟားခါးနှင့် ထန်တလန်မြို့ပေါ်တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဟု ဒေသခံများပြော

ဟားခါးနှင့် ထန်တလန်မြို့ပေါ်တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဟု ဒေသခံများပြော

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ တစ်ယောက်မှမရှိဘဲ ခြောက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီသည် ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကာ မြန်မာနိုင်ငံတဝန်းလုံးတွင် မေ ၂၄ ရက်မှစ၍ ကျောင်းအပ်လက်ခံခဲ့သော်လည်း ဟားခါးနှင့် ထန်တလန်မြို့တွင် ကျောင်းအပ်နှံသူ တစ်ယောက်မှမရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ထန်တလန်မြို့မှ ကျောင်းသားမိဘတစ်ဦးက “ထန်တလန်မြို့က အစိုးရကျောင်းတစ်ကျောင်းမှာ ဒီနေ့ (မေ ၂၄ ရက်) တော့ ကျောင်းအပ်တဲ့သူမရှိဘူး။ သော့ခတ်ထားကြတယ်။ သရဲခြောက်မှာတောင်ကြောက်ရတယ်" ဟု ပြောသည်။

 

ထန်တလန်မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁)၊ အ.ထ.က (၂)၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁)၊ (၂) နှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။

 

အလားတူ ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်လည်း ကျောင်းအပ်နှံသူမရှိဘဲ ခြောက်ကပ်နေသည်ဟု ဆိုသည်။

 

“ကျွန်တော်တို့နိုင်ငံက အိမ်နီးချင်းနိုင်ငံမှာတောင် အောက်ကျနောက်ကျဖြစ်နေတဲ့နိုင်ငံကိုး။ အဲလိုဖြစ်နေတော့ အရှိန်ယူနေတဲ့အချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကျတော့ စိတ်ဓာတ်ကျတာပေါ့နော်။ ဟိုးအရင်စစ်တပ်အုပ်ချုပ်တုန်းကလည်း ပညာရေးကအရမ်းနိမ့်ကျခဲ့တာကို အခုလည်း အဲလိုဖြစ်လာမယ်။ ကလေးတွေလည်း မနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ကျောင်းမတက်ရဘူး။ သူတို့အတွက်လည်း စဉ်းစားတယ်။ ဒါပေမယ့် တဖက်ကလည်း စစ်တပ်က မတရားအာဏာသိမ်းတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း လက်မခံဘူး" ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းအပ်နှံသူမရှိ သလောက်နည်းပါးကြောင်း သိရသည်။

 

ကျောင်းသားမိဘတစ်ဦးက “ကျောင်းအပ်တဲ့သူတွေရှိရင်လည်းပဲ အဆင်ပြေမယ်မထင်ဘူး။ ချင်းပြည်နယ်မှာ CDM ဝင်တဲ့လူများတာကိုး။ နောက်တစ်ခုက ဦးသိန်းစိန်နဲ့ NLD အစိုးရခေတ် နိုင်ငံရေးကောင်းနေတဲ့အချိန်တုန်းကတောင်မှ ချင်းပြည်နယ်က သိတဲ့တိုင်း ကျောင်းဆရာ၊ ဆရာမတွေက မလုံလောက်တဲ့ကြားထဲ အခု ကျောင်းပြန်ဖွင့်ရင်လည်း မလည်ပတ်နိုင်လောက်ဘူး" ဟု ပြောသည်။

 

ဟားခါးမြို့မြို့ပေါ်တွင် အထက်တန်းကျောင်းလေးကျောင်းနှင့် အလယ်တန်းကျောင်းလေးကျောင်းရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...