တစ်ကျော့ပြန် ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါဟာ အာရှနိုင်ငံတွေကို ကူးစက်ပျံ့နှံ့လာနေတဲ့ သတင်းတွေ နေ့စဉ်ကြားနေရဆဲဖြစ်သလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျော့ကျလာပြီ၊ တားဆီးကာကွယ်နိုင်ပြီဆိုတာမျိုးတွေတော့ မတွေ့ရသေးပါဘူး။ ဒီကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံတိုင်းက ရုန်းကန်ကြိုးပမ်းနေရဆဲပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်တတိယလှိုင်းဖြစ်မလာဖို့ တစ်ဦးတစ်ယောက်ချင်းစီကနေ တစ်သင်းတစ်ဖွဲ့အပါအဝင် ကျမတို့ ပြည်သူအားလုံး အထူးသတိပြု ကာကွယ်ကြဖို့ လိုအပ်နေပါပြီ။
ကိုဗစ်ကူးစက်မှု အမြင့်မားဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံကို လေ့လာကြည့်ရင် နိုင်ငံတဝှမ်း ကာကွယ်ဆေးထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လာတာက အားတက်စရာပါ။ ကိုဗစ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ပေမဲ့ သေဆုံးမှုနှုန်းလျော့ကျစပြုလာပါပြီ။ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အမေရိကန်မှာ Pfizer/Bio N Tech ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးကို အတည်ပြုပေးခဲ့တာပါ။
မေလ ၁၃ ရက်နေ့ အထိ ကိုဗစ်ကူးစက်ခံရသူဟာ ၃၂၅ ယောက်သာ အသစ်ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၂ ယောက်ပဲရှိခဲ့တာ တွေ့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု တိုးချဲ့နိုင်ရုံသာမက လိုက်နာသင့်တဲ့ စည်းကမ်းချက်တေွကို လိုက်နာကြတာနဲ့အမျှ ကူးစက်မှုကို ကျဆင်းစေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမှာ အာရှနိုင်ငံတေွမှာတော့ ကိုဗစ်ကူးစက်မှုနှုန်းက ဆက်လက်မြင့်တက်လာနေတဲ့အပြင် ဗီဇပြောင်းကိုဗစ်ပိုးကို နိုင်ငံပေါင်း ၃၀ ကျော်မှာ တွေ့ရှိလာပါတယ်။ B 1617 ဗီဇပြောင်းပိုးကို အစောဆုံးတွေ့ရှိခဲ့ရတာက အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်မှုနှုန်း အလွန်လျင်မြန်တဲ့အတွက် လုံးဝထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ မြန်မာ၊ မော်လ်ဒိုက်၊ ဘူတန်နဲ့ တီမောတို့ကလွဲပြီး ကျန်နိုင်ငံတွေမှာ ဗီဇပြောင်းကိုဗစ်ပိုပျံ့နှံ့နေတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံရဲ့ ဆေးရုံတေွဟာ မနိုင်ဝန်ထမ်းနေကြရပြီး အောက်စီဂျင်အထောက်အပံ့ ပြတ်လပ်မှုနဲ့ပါ တွေ့ကြုံနေရတာပါ။ တစ်နေ့တစ်နေ့ သေဆုံးရသူတွေ များပြားလွန်းတဲ့အတွက် အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့တောင် မနိုင်မနင်းဖြစ်နေရတဲ့ အနေအထားဟာ စိတ်ထိခိုက်စရာပါ။ ဂင်္ဂါမြစ်ထဲအထိပါ အလောင်းတွေ စွန့်ပစ်ရတာရှိလာလို့ နောက်ဆက်တွဲအနေနဲ့ မြစ်ထဲ၊ မြစ်နားဝန်းကျင် ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုကြောင့် လူထုကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တဲ့အထိ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ အထူးသဖြင့် မိုဒီအစိုးရအနေနဲ့ ဘာသာရေး၊ နိုင်ငံရေးတွေနဲ့ ဆက်နွယ်နေတဲ့ လူစုလူဝေးတွေကို မထိန်းချုပ်နိုင်ဖြစ်ခဲ့လို့ အခုလို ကူးစက်မှု များပြားကျယ်ပြန့်တာလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာနေပြီး ကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော် ပါဝင်နေပါတယ်။ မေ ၁၃ ရက် တစ်နေ့တည်းမှာပဲ ကိုဗစ်ကူးစက်ခံရသူပေါင်း ၄၈၈၇ ဦး ရှိပါတယ်။ ဘန်ကောက်ပို့စ်ထ်က တင်ပြတဲ့ သတင်းအချက်အလက်အရ သေဆုံးသူပေါင်း ၃၂ ယောက်ရှိပါတယ်။ ထိုင်းနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ကိုဗစ်ကူးစက်ခံနေရသူ ၂၈၃၅ ယောက်ထိရှိတဲ့အတွက် စိုးရိမ်နေရတာကြောင့် ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသလို လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမုတ်ပရာကန်ပြည်နယ်၊ နွံထဘူရီပြည်နယ်တွေမှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ကူးစက်ခံနေရလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကလည်း သတိထားနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်ကူးနိုင်တဲ့အတွက် သတိပြုကြရမှာဖြစ်သလို လက်ရှိအခြေအနေ အတွင်း ကိုဗစ်တတိယလှိုင်းမဖြစ်အောင် ကာကွယ်နိုင်ကြမှသာ စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေ လျှော့ချနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်နေဆဲဖြစ်သလို ကူးစက်မှုမြင့်မားနေတဲ့ နိုင်ငံတွေကနေ ပြန်လာတဲ့သူတွေကို မြန်မာနိုင်ငံဘက်က ပြည်ဝင်ခွင့် ပိတ်ထားပြီး မြဝတီဘက်က ဝင်လာသူတွေကိုလည်း စနစ်တကျ စစ်ဆေးလက်ခံနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။
ကိုဗစ်ကူးစက်ခံရမှု ကာကွယ်ရေးနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာကြဖို့လည်း မေ ၁၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူဦးရေဟာ ၁၇ ဒသမ ၇ သိန်းရှိပြီလို့ သိရပါတယ်။ ဒါအပြင် Covishield ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံရတဲ့ ဆေးဖြစ်တဲ့အတွက် ဒုတိယအကြိမ် ထိုးနှံပြီးသူဦးရေက ၁၀ သိန်းကျော်ရှိပြီလို့လည်း ဆိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေ ၁၀ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် ၉ ဦး ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှု တတိယလှိုင်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားစေဖို့ အထူးဂရုပြု ကာကွယ်ရမှာ ဖြစ်သလို မြန်မာရွှေ့ပြောင်း လုပ်သားများကိုပါ စောင့်ရှောက်မှုပေးဖို့လည်း လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ၊ စမုတ်ပရာကမ် ခရိုင်ရှိ ထိုင်းနဲ့ မြန်မာ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ သံမဏိစက်ရုံမှာ ကိုဗစ်ကူးစက်ခံရမှုတေွ ရှိခဲ့ပါတယ်။ ကူးစက်ခံရမှုကြောင့် အလုပ်သမားတန်းလျားမှာ နေထိုင်တဲ့ အလုပ်သမား ၂၀၀ ဝန်းကျင်ကို အပြင်ထွက်ခွင့်မပေးဘဲ စောင့်ကြည့်ခံနေရတာဖြစ်ပါတယ်။ အဲဒီထဲက ကိုဗစ်ကူးစက်ခံရသူ မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ရတယ်လို့ ဗွီအိုအေ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ များပြားခဲ့ပြီး လူမှုစီးပွားဘဝတွေ ထိခိုက်မှု များပြားခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ကြပ်မတ်နိုင်ဖို့ လိုအပ်နေပြီး ကူးစက်လာနိုင်တဲ့ အခြေအနေကို ကာကွယ်ရမှာပါ။ မေ ၁၂ ရက်နေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်သွားလာနေတဲ့ ကုန်တင်သင်္ဘောကလူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကိုဗစ်ကူးစက်ခံရသူ ၄ ဦး တွေ့ရှိရပါတယ်။ မေ ၁၃ ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရသူ ၇ ဦးတွေ့ရှိခဲ့ရပြီး ထပ်မံသေဆုံးသူ ၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ်ကူးစက်မှုနှုန်းဟာ အာရှဒေသနိုင်ငံတွေမှာသာမက တောင်အာဖရိကနိုင်ငံမှာလည်း ဆက်လက်မြင့်မားနေပါတယ်။ ၂၄ နာရီအတွင်း ကိုဗစ်ထပ်မံကူးစက်ခံရသူ ၃၂၂၁ ဦးထိရှိတယ်လို့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါဟာ ကူးစက်မြန်ကိုဗစ် တတိယလှိုင်းနဲ့ တွေ့ကြုံရတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။ ဒါတင်မက... တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိခဲ့ရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးမျိုးကို တခြား နိုင်ငံ ၉၀ ကျော်အထိပါ ဆက်လက်ပျံ့နှံ့နေလို့ စိုးရိမ်စရာပါ။
ကျမတို့ မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံမဟုတ်တဲ့အတွက်ကြောင့် အိန္ဒိယနဲ့ တောင်အာဖရိတို့က ဗီဇပြောင်းကိုဗစ်ပိုး ကူးစက်မှုမရှိအောင် အထူးအလေးထား သတိပြုကာကွယ်နိုင်မှသာ တော်ကာကျမှာပါ။ ပြည်သူတွေအနေနဲ့ ပေါ့ဆလို့ လုံးဝမဖြစ်ဘဲ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ဆင်သင့်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးရမှာဖြစ်သလို ရေများများသောက်ဖို့၊ ကိုယ်ခံအား မြင့်တက်စေမယ့် အစားအသောက်တွေ စားသုံးဖို့နဲ့ Fast Food လို့ခေါ်တဲ့ အသင့်စားအစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ ဖြစ်ပါတယ်။
ကူးစက်မြန် ကိုဗစ်တတိယလှိုင်းကို ကာကွယ်တားဆီးနိုင်ဖို့ တစ်ဦးချင်းတစ်ယောက်ချင်းစီက စည်းကမ်းလိုက်ကြဖို့ လိုအပ်ပါတယ်။ ကိုဗစ်လှိုင်းကို ကာကွယ်နိုင်မှသာ လူမှုစီးပွားရေး ထိခိုက်မှုတွေ လျေချနိုင်မှာဖြစ်ပြီး ကိုဗစ်အလွန်ကာလကို ဦးတည်နိုင်မှာဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ပါတယ်။