စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်တဲ့အထိ ကာတွန်းတကွက်နဲ့ လူထုအတွက် Supporting လုပ်သွားမယ် (ကာတွန်းဝေယံ)

စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်တဲ့အထိ ကာတွန်းတကွက်နဲ့ လူထုအတွက် Supporting လုပ်သွားမယ် (ကာတွန်းဝေယံ)

ကာတွန်းသည် အခြေအနေတရပ်၏ အနေအထားကို သက်၀င်အောင်ပုံဖော်ခဲ့သည့် အနုပညာတရပ်ဖြစ်လေရာ လက်ရှိနိုင်ငံရေးအခြေအနေကို ပုံဖော်နိုင်သည့်ကာတွန်းမှာ လွန်စွာမလွယ်ကူသည့် အနုပညာတရပ်ဖြစ်ပါသည်။

နိုင်ငံတခုတွင် ထိုသို့သော နိုင်ငံရေးသရော်သည့် ကာတွန်းဆရာမှာ လက်ချိုးရေလို့ပင်ရပါသည်။ နိုင်ငံရေးတွင် စိတ်ပါ၀င်စားမှုနည်းပါးသည့် သျှမ်းပြည်တွင်လည်း ရှားပါးသည့် နိုင်ငံရေးသရော်ကာတွန်းဆရာများအနက် ကာတွန်းဝေယံ၏လက်ရာကို ကနေ့လူမှုကွန်ယက်တွင် လူသိများခဲ့ပါသည်။

အာဏာသိမ်းစစ်အုပ်စုအား ထိမိသောကာတွန်းလက်ကွက်ဖြင့် အဆက်မပြတ် တော်လှန်ရေးလှုပ်ရှားမှုပြုလာသည့် ကာတွန်းဝေယံသည် လက်ရှိတွင် ဘေးလွတ်ရာနေရာသို့ တိမ်းရှောင်နေကြောင်းသိရသည်။ ၄င်းအားသျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။   ။ ကိုဝေယံ လတ်တလော ဘာတွေလှုပ်ရှားနေလဲ။

ဖြေ ။   ။ ကျနော်ကတော့ လှုပ်ရှားလို့ရတာ အကုန်လှုပ်ရှားနေတယ် အဓိက ကတော့ ကာတွန်းနဲ့တော်လှန်နေတာပေါ့။

မေး ။   ။ အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်ပြီး ရေးဆွဲတဲ့ ကာတွန်းတွေအပေါ် ဘယ်လိုခံစားချက်တွေ ဘယ်လိုခံယူချက်တွေ ထည့်ထားလဲ။

ဖြေ ။   ။ ခံစားချက်ကတော့ အဓိက ဒီကောင်တွေကို ကာတွန်းပညာနဲ့သရော်တာပေါ့၊ ခံယူချက်ကတော့ ဒီကောင်တွေကို ဝါဒမှိုင်းအရ၊  စိတ်ဓါတ်စစ်ဆင်ရေးအရ၊  စစ်အာဏာရှင်ကျဆုံးရေးအတွက် အဲ့လိုမျိုးခံယူချက်နဲ့ ကျနော်တို့ဆွဲနေတာပါ။

မေး ။   ။ ခုလို စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကာတွန်းတွေရေးဆွဲနေတဲ့အတွက် ဒီစစ်အာဏာသိမ်းအုပ်စုဖက်က ကိုဝေယံကို ၀ရမ်းထုတ်ထားတာမျိုး၊ နေအိမ်တွေမှာ လာရှာဖွေတာမျိုးတွေရှိခဲ့လား။

ဖြေ ။   ။ တလောကတော့ ကျနော့ကို မန်းလေးမှာ ဖမ်းမိပြီဆိုပြီး သူတို့ဖက်က တစ်ကောင်ကောင်က မဟုတ်မမှန် သတင်းလွှင့်တာပေါ့၊ ဖမ်း၀ရမ်းတွေဘာတွေလဲ မကြားမိသေးပါဘူး၊ တိုးတိုးတိတ်တိတ် ထုတ်တာမျိုးတွေဘဲရှိမှာပေါ့၊ လောလောဆယ် ကျနော်က လွတ်မြောက်နယ်မြေ ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် သူတို့လာရှာလဲ ဘာမှမထူးပါဘူး။

မေး ။   ။ အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဆွဲတဲ့ကာတွန်းတွေဟာ ဒီတော်လှန်ရေးမှာ ဘယ်လောက်အတိုင်းအတာအထိ ထိရောက်လဲလို့မြင်လဲ။

ဖြေ ။   ။ ထိရောက်တယ်ဆိုတာ အဲ့လိုမျိုးပေါ့ ပြည်သူတွေရဲ့ ကော်မန့်တွေကို ဖတ်ကြည့်ရင်တော့ ဒီကာတွန်းတွေကနေ၊ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ motivate တစ်ခုပေးတယ်ပေါ့။ ကျနော်တို့က ဒီကောင်တွေကို သရော်တာကို ဘာပဲပြောပြော ပြည်သူတွေ စိတ်ညစ်နေတဲ့အချိန် ဒီကာတွန်း လေးဖတ်လိုက်လို့ supporting  လေးတစ်ခုရလိုက်ရင်ပဲ အတိုင်းအတာတစ်ခုအထိ ထိရောက်တယ်လို့ ထင်တာပဲ။

မေး ။   ။ ဒီအရေးတော်ပုံအောင်မြင်ဖို့ ဘယ်အရာက အရေးကြီးဆုံးလို့ထင်လဲ။

ဖြေ ။   ။ အရေးတော်ပုံအောင်ဖို့ အဓိက unity ပဲ ပြည်သူတွေအားလုံး စည်းလုံးဖို့နဲ့ စည်းစည်းလုံးလုံးနဲ့တော်လှန်ရင် ဒီကောင်တွေ ဘာလက်နက်ကြီးပဲရှိရှိ ဘာကောင်ပဲဖြစ်ဖြစ် ပြည်သူတွေဖက်က အောင်မှာပဲ။ စည်းလုံးမှုက တစ်၊ စည်းလုံးမှုက နှစ်၊ စည်းလုံးမှုက သုံး လို့ပဲမြင်ပါတယ်။

မေး ။   ။ G – Z တွေရဲ့တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ ။   ။ G – Z တွေရဲ့ လုပ်ရပ်တွေကို အားရတယ်၊ မျိုးဆက်အားလုံးကလဲ တတ်နိုင်တဲ့ဘက်ကနေ သူ့နေရာနဲ့သူ လုပ်နေကြတာဖြစ်တဲ့ အတွက်လဲ အားရပါတယ်။

မေး ။   ။ ကာတွန်းဝေယံရဲ့ ကာတွန်းဖတ်ပရိတ်သတ်တွေကို တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ ။   ။ စိတ်ဓါတ်မကျကြပါနဲ့၊ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ခိုင်ခိုင်မာမာ အင်စတီကျူးရှင်းတစ်ခုလုံးကို လုံး၀ အမြစ်ကနေလှန်ရမှာ ဖြစ်တဲ့အတွက် အချိန်ယူရမယ်၊ စိတ်ဓါတ်မကျပဲ အမြဲတမ်း စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း တော်လှန်နေဖို့ အရေးကြီးတယ် အဲ့ဒီအတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ကြဖို့ လုံး၀ သွေးမအေးကြဖို့ အရေးကြီးတယ်လို့ ကျနော်ပြောလိုပါတယ်။

ဟုတ်ကဲ့။ ကာတွန်းဝေယံကို ကျေးဇူးတင်ပါတယ်။

July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...
July 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့်...
June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...