ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် မေ ၁၆ ရက် ညနေ ၄ နာရီခန့်က စစ်ရဟတ်ယာဉ် (၃) စီး ဆင်းသက်ခဲ့ပြီး အင်အား ၅၀ ကျော်ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မဘောလုံးကွင်းတွင် နေရာယူထားကြကြောင်း သိရသည်။
“ခုနတုန်းကပဲ လေယာဉ် နှစ်စီး၊ သုံးစီးလောက် ရောက်လာနေတယ်။ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ လေယာဉ်က အရှေ့ဘောလုံးကွင်းမှာ ဆိုက်တယ်။ ရဲစခန်းကို သွားကြမလား။ ပစ်ခတ်တာတွေရှိမလား။ မသေချာသေးဘူး၊ အခု အကုန်လုံးက ပြေးသူကပြေး အဲ့လိုမျိုးလုပ်နေကြတာ။ ကျွန်တော်တို့လည်း အခုချိန် ပြောင်းရွေ့ရေးလုပ်နေကြတာ” ဟု မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့အကြား မေ ၁၃ ရက် ည ၉ နာရီကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ကန်ပက်လက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် လုံခြုံရေးအရ မြို့မဘောလုံးကွင်း၊ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးသို့ သွားလာခြင်းများမပြုလုပ်ရန်၊ အနီးအနားတွင်နေထိုင်သော ပြည်သူများအနေဖြင့်လည်း ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ရန်နှင့် နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ စျေးဝယ်ခြင်းများပြုလုပ်ရန် ယနေ့ (မေ ၁၇ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
Published
Monday, May 17, 2021
ကန်ပက်လက်မြို့တွင် စစ်ရဟတ်ယာဉ် (၃) စီးဆင်းသက်