ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် မေ ၁၃ ရက် နေ့ညပိုင်း ၉ နာရီမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျရှုံးမှု မသိရသေးကြောင်း သိရသည်။
“ကျွန်တော်တို့လည်း အိမ်ထဲအကုန်နေရတယ်ဆိုတော့ သေနတ်သံတွေတော့ကြားတယ်။ မြို့မ (၂) အနောက်ဘက်မှာလည်း ပစ်ကြတယ်ထင်တယ်၊ အရှေ့ဘက် ဘဏ်ရုံးနားမှာလည်း ပစ်ကြတယ်ပြောတယ်။ ခုလောလောဆယ်တော့ ငြိမ်သွားပြီ။ ၉ နာရီဝန်းကျင်လောက်ကနေ စပစ်ကြတာ၊ စပစ်ခါစတုန်းကတော့ သေနတ်သံတော့ တော်တော်ကြားရတယ်။ ကန်ပက်လက်မှာ စစ်တပ်ရင်းတော့မရှိဘူး၊ တပ်လာဆွဲတဲ့ပုံစံမျိုးတော့ရှိတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။
ကန်ပက်လက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ တောထဲသွားလာခြင်းနှင့် မလိုအပ်ဘဲ သေနတ်ပစ်ဖောက်ခြင်း ရှောင်ကြည်ရန်နှင့် ခရီးသွားလာခြင်းမပြုရန် ယင်းနေ့ နေ့လည်ပိုင်းတွင် အရေးပေါ်ကြောညာချက်ထုတ်ပြန်ပြီးနောက် ညပိုင်းတွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ်သည်။
မင်းတပ်မြို့တွင်လည်း မေ ၁၂ ရက် ညပိုင်းမှစတင်ကာ စစ်ကောင်စီနှင့် မင်းတပ်မြို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အဆက်မပျက်ပစ်ခတ်ခဲ့ကာ ပြည်သူ့တပ်ဘက်မှ တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
Published
Friday, May 14, 2021
ကန်ပက်လက်တွင် ယမန်နေ့ကစ၍ စစ်ကောင်စီနှင့် CDF-Kanpalet တို့ တိုက်ပွဲဖြစ်ပွား