တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက် ငွေများသိမ်းယူ

တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက် ငွေများသိမ်းယူ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီက ညအချိန် လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများလည်း ပြုလုပ်နေကြောင်း တောင်ကြီးပြည်သူများက ပြောသည်။

 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မနက် ၄ နာရီမှ ည ၈ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းမှစတင်ကာ ည ၁၀ နာရီမှ မနက် ၄ နာရီမှထိ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်ခဲ့သည်။

 

ထို့နောက် ညအချိန်အတွင်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုတင်းကြပ်ကာ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ပါလာသည့်ငွေများကို သိမ်းယူခြင်းတို့ပြုလုပ်နေကြောင်း တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီအုပ်စုနှင့် ရဲသားများသည် အရပ်ဝတ်ဖြင့် လမ်းပေါ်၌ စစ်ဆေးမှုပြုလုပ်နေစဉ် လူငယ်နှင့်ထိပ်တိုက်တွေ့ဆုံကာ ကားပေါ်မှဆင်းခိုင်းပြီး ကားအတွင်းလိုက်လံစစ်ဆေးကာ တစုံတရာမှရှာမတွေ့သဖြင့် ဖိနပ်ဖြင့်ပါးကိုရိုက်ကာ ပိုက်ဆံများလည်း သိမ်းဆည်းသွားကြောင်း တောင်ကြီး ကိုယ်တိုင်ခံခဲ့ရသည့် လူငယ်တစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့ မေ ၈ ရက် ည အိမ်အပြန်လမ်းမှာ အဲ့အုပ်စုကိုတွေ့တယ်။ လမ်းပိတ်စောင့်ဖမ်းတာ။ ကျနော်တို့ ကားရပ်ပေးလိုက်တယ်။ ကျနော်တို့ ကားပေါ်ကဆင်းလိုက်တာနဲ့ ချက်ချင်းရိုက်တာ။ သူတို့က ဖိနပ်နဲ့ ပါးရိုက်တာ။ ကားထဲလဲစစ်တယ်။ ကျနော်ရဲ့ ပိုက်ဆံက ၅ သောင်းလောက်ပါသွားတယ်။ ကျနော်ရဲ့ သူငယ်ချင်းပိုက်ဆံ သုံးသောင်းလောက်ယူသွားတယ်” ဟု ယင်းလူငယ်က ၎င်းကြုံတွေ့ခဲ့သည်များကို ပြန်လည်ပြောပြသည်။

 

တောင်ကြီးမြို့နယ် ညမထွက်အမိန့်ကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ဖြေလျော့ပေးခဲ့သော်လည်း ည ၉ နာရီကျော်အချိန်တွင် ပြည်သူများနောက်လိုက် စစ်ဆေးမှုပြုလုပ်ရာတွင် ပြည်သူများကို လက်ထိပ်ခတ်ပြီး အကြမ်းဖက်ရိုက်နှိက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ကို လက်ထိတ်ခတ်ထားပြီးတော့ ရိုက်တယ်။ စကားလည်း ပြောလို့မရဘူး။ ထတာနဲ့ ကန်တယ်။ စကားမပြောတော့လဲ ရိုက်ပြန်တယ်။ စကားနဲနဲကျယ်ပြောတော့ ဖိနပ်နဲ့ရိုက်တာ” ဟု ၎င်းလူငယ်ကဆိုသည်။

 

ထို့ပြင် တောင်ကြီးမြို့တွင် မေ ၉ ရက် ည ၇ နာရီခွဲဝန်းကျင်တွင် အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ လူငယ်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ယခုရက်ပိုင်း တောင်ကြီးမြို့ ညပိုင်းတွင် မကြာခဏ ပေါက်ကွဲမှုအသံကြားနေရပြီး၊ ဖမ်းဆီးမှုများလည်း နေ့တိုင်းနီးပါးရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မေ ၉ ရက်အထိ စစ်ကောင်စီမှ အကြမ်းဖက်သတ်ဖြတ်နေသည်မှာ ၇၈၀ ဦးထိရှိပြီး ဖမ်းဆီးခံထားရသူ ၄၈၉၉ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီးစောင့်ရှောက်ရေး AAPP က ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...