ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် လက်ရှိကျောင်းတက်ရောက်သူ ၁၀၀ ကျော်ရှိကြောင်း မိုးညှင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။
“ရာခိုင်နှုန်းအရတော့ မပြောတက်သေးဘူး။ ခုချိန်ထိ ကျောင်းတက်ကြတဲ့လူက တိုးနေတယ်။ လက်ရှိအချိန်ထိတော့ ၁၀၀ လောက်ရှိနေပြီ။ ထက်တိုးဦးမယ်ထင်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မိုးညှင်းတက္ကသိုလ်တွင် final ,H2, H3, Q စတဲ့ အတန်းတွေကိုသာ လက်ခံသင်ကြားနေခြင်းဖြစ်ပြီး တစ်ကျောင်းလုံးမှ အတန်းအားလုံးဖွင့်မည်ဆိုပါက ကျောင်းသား/သူဦးရေ နှစ်ထောင်ကျော်ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်တွင် စစ်အာဏာရှင်လက်အောက်တွင် တာ၀န်မထမ်းဆောင်နိုင်သောကြောင့် CDM လုပ်ဆောင်ထားသော ဆရာ/ဆရာမ ၁၀၆ ဦးကို အလုပ်တာ၀န်များမှ ရပ်ဆဲကြောင်းကို မေ ၆ ရက်က ထုတ်ပြန်ထားပြီး အဆိုပါ အလုပ်တာ၀န်မှ ယာယီရပ်ဆိုင်ခံထားရသည့် ဆရာ၊ဆရာမများထဲတွင် တွဲဖတ်ပါမောက္ခများ၊ ကထိကများ၊ တွဲဖတ်ပါမောက္ခများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှုး လက်ထောက်မော်ကွန်းထိန်း နှင့် လက်ထောက်စာကြည့်တိုက်မှုးတို့ပါ၀င်ကာ တက္ကသိုလ်အမှုထမ်း အများစုလည်းပါ၀င်ကြောင်း သိရသည်။
“လောလောဆယ် ဖွင့်ထားတဲ့အတန်းတွေကို အပြောင်းအရွှေ့နဲ့ တာ၀န်ကျတဲ့ဆရာတွေ သင်နေတယ်လို့ပြောတယ်ဗျ” ဟု မိုးညှင်းတက္ကသုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။
ထိုအတူ မိုးညှင်းအစိုးရနည်းပညာကောလိပ်ရှိ CDM ဆရာ/ဆရာမနှင့် ၀န်ထမ်း ၅၅ ဦးကို အလုပ်တာ၀န်များမှ ယာယီရပ်စဲကြောင်း မေ ၅ ရက်က ထုတ်ပြန်ခဲ့သည်။
မိုးညှင်းအစိုးရနည်းပညာတက္ကသိုလ် ကျောင်းများဖွင့်ထားချိန်တွင် ကျောင်သား/သူ ၁၀ ဦးခန့်သာတက်ရောက်နေကြောင်းနှင့် CDM ပြုလုပ်ထားသည့် ကျောင်းသားရာခိုင်နှုန်း ၉၂ ရာခိုင်နှုန်းရှိကြောင်း မိုးညှင်းအစိုးရနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားသည်။