“လူမျိုး၊ ဘာသာ မခွဲခြားပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာပါဝင်ဖို့ အရေးကြီးတယ်”

“လူမျိုး၊ ဘာသာ မခွဲခြားပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာပါဝင်ဖို့ အရေးကြီးတယ်”

Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်နှင့် တွေ့ဆုံခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က တပ်မတော်မှ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ၊ CDM မှာ ပူးပေါင်းပါဝင်တဲ့ ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို နည်းမျိူးစုံနဲ့ စစ်ဆေးမေးမြန်း ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆာင်နေတဲ့ စစ်အာဏာရှင်ရန်မှ ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချင်းပြည်နယ်မြို့နယ် (၉) မြို့နယ်နဲ့ ပြည်နယ်ပြင်ပက ချင်းအမျိူးသားတွေက Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့က ဖွဲ့စည်းလိုက်ကြပါတယ်။

 

Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး - အရင်ဆုံးအနေနဲ့ အစ်ကိုတို့ CDF ဖွဲ့စည်းခဲ့ပုံလေးရယ်၊ ဘယ်အချိန်ကနေစပြီး ဒီဟာကို ပြင်ဆင်လာခဲ့တာလဲ၊ ဆိုတဲ့ဟာလေးကို အရင်ဆုံး ပြောပေးပါအုံး။

ဖြေ - CDF ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့အကြောင်းအရင်းက အစတုန်းက ကျွန်တော်တို့ ပြည်သူတွေကနေ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်၊ သပိတ်မှောက်ခဲ့ကြတယ်၊ ဒါပေမယ့် အာဏာရှင်စစ်ကောင်စီကနေ အကြမ်းဖက်နည်းနဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တာတွေ လုပ်လာတဲ့အခါကျတော့ ဒီဟာကို ကျွန်တော်တို့ အကြမ်းမဖက်တဲ့နည်းနဲ့ ပုံစံမျိုးစုံ ဆန္ဒဖော်ထုတ်တာတွေက မရတော့ဘူးဆိုပြီးတော့ ကျွန်တော်တို့ ကိုယ့်လုံခြုံရေးကို ကိုယ့်ကိုကိုယ် ခုခံနိုင်ဖို့အတွက်ကို ကျွန်တော်တို့ ယူရတော့မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှုတွေရှိလာခဲ့တယ်၊ ဒီမတ်လ အလယ်လောက်ကနေ ကျွန်တော်တို့ ဒီ မြို့နယ် (၉) မြို့နယ်ထဲက ပြည်သူ့လုံခြုံရေးတွေနဲ့ ဆွေးနွေးပြီးတော့ ဒီ ကျွန်တော်တို့ ဧပြီ ၄ ရက်မှာ ဖွဲ့စည်းခဲ့တယ်။

မေး - CDF ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်နဲ့ မူဝါဒပိုင်းကိုလည်း သိချင်ပါတယ်။

ဖြေ - ကျွန်တော်တို့ရဲ့ CDF ရဲ့ရည်ရွယ်ချက်က CDF က သိတဲ့အတိုင်းပဲ အလွှာပေါင်းစုံက နောက်ခံမတူတဲ့ လူငယ်တွေအကုန်လုံးက လာကြတယ်၊ တချို့က ကျောင်းတက်နေတဲ့သူတွေ၊ တချို့က စီးပွားရေး၊ ကိုယ့်စီးပွားရေးနဲ့ တချို့က မိသားစုအခြေအနေနဲ့ လာကြတယ်၊ ကျွန်တော်တို့က နိုင်ငံရေးမူပေါ်လစီကို ဦးတည်ပြီးတော့ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ ကျွန်တော််တို့က အကြမ်းဖက်စစ်အာဏာရှင်ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီတော်လှန်ရေးအတွင်းမှာပဲ လှုပ်ရှားမယ်၊ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အခြေခံမူက ဒီပြည်သူတွေကို ကာကွယ်ဖို့၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပန်းတိုင်က အားလုံးနဲ့ အတူတူပါပဲ၊ ဒီ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဒီအပေါ်မှာပဲ အခြေခံထားပါတယ်။

မေး - CDF အနေနဲ့ ဘယ်လိုပုံစံမျိုးကို အဓိကထားပြီး လှုပ်ရှားသွားဖို့ရှိလဲ။ ပြီးတော့ လက်ရှိလှုပ်ရှားနေတာတွေထဲက ပြောလို့ရတာတွေရှိရင်လည်း ပြောပေးပါအုံး။

ဖြေ - ကျွန်တော်တို့ ဒီ CDF က အမြဲတမ်းလိုလို စစ်တပ်ကို ကြိုတင်သတိပေးထားမယ်၊ ဥပမာဆိုပါဆို့ ကျွန်တော်တို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရယ် ဒါမဟုတ် လွတ်လွတ်လပ်လပ် ခရီးသွားလာတဲ့သူတွေ၊ နှောက်ယှက်တာတွေ၊ ပိုက်ဆံငွေကြေးတောင်းတာတွေ အဲ့လိုမျိုးမလုပ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ သတိပေးမယ်၊ ဒါပေမယ့် အဲ့လိုမျိုးလုပ်ရပ်ကနေ အာဏာရှင်စစ်တပ်က ရပ်တန်းကမရပ်ဘူးဆိုရင် ကျွန်တော်တို့ CDF အနေနဲ့ နည်းမျိုးစုံပေါ့နော် ဥပမာ - ပျောက်ကြားစနစ်နဲ့ ကျွန်တော်တို့ ခုခံသွားမလားဆိုတာတွေ မဟာဗျုဟာနည်းတွေ အကုန်လုံးရှိတယ်။

မေး - အစ်ကိုတို့အနေနဲ့ လှုပ်ရှားတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံရတာမျိူးရှိလဲ။

ဖြေ - ကျွန်တော်တို့ အခက်အခဲကျတော့ စိန်ခေါ်မှုက အများကြီးရှိတာပေါ့နော်၊ ဘာလို့လဲဆိုတော့ စစ်တပ်ကနေ ကျွန်တော်တို့နေရာတွေကို အမြဲသုံးနေတဲ့နေရာတွေ၊ သတင်းအချက်အလက်တွေကို Block တယ်၊ ဒီ ရိက္ခာတွေသယ်ဖို့တွေ Block တယ်၊ သွား/လာရေးတွေကို Block တော့ ကျွန်တော်တို့အတွက် နည်းနည်းခက်ခဲတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့က တောင့်ခံသွားပြီး ခုခံသွားမှာပေါ့။

မေး - CDF က လက်နက်ကိုင်တပ်ဖွဲ့လားဆိုပြီး ဇဝေဇဝါဖြစ်နေကြတယ် ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ - ဒီ တချို့တွေကလည်း မေးမြန်းတာတွေရှိတယ်၊ ဒီ CDF က တကယ့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် တည်ထောင်သွားမလားဆိုတဲ့ မေးခွန်းမျိုးတွေထွက်လာတယ်၊ တကယ်က ဒီ CDF ဆိုတာက တကယ့်လက်နက်ကိုင်တပ်ဖွဲ့လိုမျိုး ရပ်တည်သွားမှာမဟုတ်ဘူး၊ ဒီတော်လှန်ရေးအတွင်းမှာပဲ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ခုခံရမဲ့တာဝန်က ကျလာလို့ ကျွန်တော်တို့ ဒီ CDF ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်၊ ဒီတော်လှန်ရေး အောင်အောင်မြင်မြင်ပြီးဆုံးသွားရင် ကျွန်တော်တို့ ဒီ CDF ဆိုတာ ရှိတော့မှာမဟုတ်ဘူး။

မေး - အခုလက်ရှိ အစ်ကိုတို့အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတာတွေ၊ မိတ်ဖက်ထားတာတွေ ရှိလား၊ ရှေ့ဆက်ရော အဲ့လိုမျိုးတွေ ချိတ်ဆက်သွားဖို့ရှိလား။

ဖြေ - ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ ထုုတ်ပြန်ချက်မှာထည့်ထားသလို NUG ရဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့ အကောင်အထည်ဖော်သွားမယ်၊ နောက်တခုက ကျွန်တော်တို့ ချင်းလူမျိုးနဲ့ ချင်းအမျိုးသားလုံခြုံရေးမှာ ပါဝင်ပက်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီးမှ လုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး - ရှေ့ဆက်ပြီးတော့ CDF အနေနဲ့ လုပ်ဆောင်မဲ့အရာတွေရယ်၊ အခုလက်ရှိိ လုပ်ဆောင်နေတာတွေ ပြောလို့ရတာရှိရင် ပြောပေးပါအုံး။

ဖြေ - တချို့က ပြောလို့မရဘူးပေါ့၊ ဒါပေမယ့် ဒီလှုပ်ရှားမှုက ဒီ အာဏာရှင်စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာပဲ မှုတည်လိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ပြည်သူတွေ ခရီးသွားလာရေးတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင်၊ CDM သမားတွေ အဆင်ပြေပြေ သူတို့ လုံလုံခြုံံခြုံနဲ့နေနိုင်အောင်၊ ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသူတွေ အကြောက်တရားမရှိအောင် ဒီမြို့တွင်းထဲမှာ သွားလာနိုင်အောင် ကျွန်တော်တို့ လိုအပ်တဲ့လှုပ်ရှားမှုတွေ လုပ်ရင်လည်းလုပ်နိုင်တယ်။

မေး - နောက်ဆုံးအနေနဲ့ ချင်းပြည်သူလူထုဖြစ်ဖြစ်၊ စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေကို ဘာများပြောချင်တာရှိလဲ။

ဖြေ - ကျွန်တော်တို့ CDF အနေနဲ့ရော ပြည်သူတယောက်နေနဲ့ရော စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ဒီအချိန်မှာ စိတ်ဓာတ်အင်အားကို တောင့်တောင့်တင်းတင်းရှိပြီးတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကို အောင်မြင်စွာတိုက်ဖို့လိုတယ်၊ ပြီးတော့ အရေးတော်ပုံက အောင်မြင်ဖို့လိုတယ်၊ ဒီအချိန်မှာ တယောက်နဲ့တယောက် စိတ်နှခြမ်းကွဲမှုရှိအောင် အားလုံးက တယောက်နဲ့တယောက် ကူညီပံ့ပိုးဖို့လိုတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တူသလို အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက်က အားလုံး တိုက်ပွဲဝင်နေကြတယ်၊ အသက်တချောင်းစီကို စတေးကြတဲ့အတွက် အားလုံးက လူမျိုး၊ ဘာသာ မခွဲပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာပါဝင်ဖို့ အရေးကြီးတယ်၊ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ် ဒီရေးတော်ပုံ အောင်မှဖြစ်မယ်။

June 27, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် ဒဏ်ရာရှိထားသော စစ်ကောင်စီ၏ ရဲဘော် (၃) ဦးကို...
June 26, 2024
ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို...
June 25, 2024
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး - တီးတိန်ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို...