BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် မေးမြန်းခြင်း

BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် မေးမြန်းခြင်း

"တပ်မဟာ ၅ ကို သွားတက်တိုက်ရမယ်ဆိုတာက လုံးဝမဟုတ်ဘူးနော်။ ဒါကို ကျနော်ပြောရဲတယ်။ တကယ်လို့ အဲ့လိုဖြစ်ရင် ကျနော့်ကိုပြောပါ။ ကျနော်တာဝန်ယူပါမယ်"

KNLA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ၏ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းရေး အားပေးတိုက်တွန်းမှု နှင့် လက်ရှိဖာပွန်ဒေသအတွင်း နယ်ခြားစောင့်တပ် - BGF တပ်အင်အားတိုးချဲ့မှု အခြေအနေနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူအား မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - KNLA ဒု-စစ်ဦးစီးချုပ် ထုတ်ပြန်လိုက်တဲ့ ကရင်လက်နက်ကိုင်တွေ ပြန်လည်ညီညွတ်ပြီး စစ်အာဏာရှင်ကို အတူတကွ အပြုတ်တိုက်ဖို့ဆိုတဲ့ သဘောထားအပေါ်မှာ ဗိုလ်မှူးကြီးချစ်သူအနေနဲ့ ဘယ်လိုသဘောထားရှိသလဲ။

ကျနော်တို့ ဘယ်လိုသဘောထားရှိသလဲဆိုရင် အရင်က သူ့အနေနဲ့ one command ဆိုပြီး သွားဖို့ကြိုးစားကြတဲ့နေရာမှာ မိခင်အဖွဲ့အစည်းအနေနဲ့ ကိုယ့်သားသမီးအဖွဲ့အစည်းတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ပြောပေမဲ့ ကျနော်တို့ကို ရန်သူလို့သဘောထားပြီး နေ့တိုင်း လာပစ်နေတာ။ ကမမောင်းနဲ့ ကတိုင်တိမှာရှိတဲ့ ကျနော့်တပ်ရင်း ၂ ရင်းက ကျနော့်လူတွေ အပြင်ထွက်ပြီးဆိုတာ သူတို့ပစ်သတ်တာ တော်တော်များကျဆုံးခဲ့ပြီးပြီး။ ဒါကို မပြောချင်ဘူး။ အဲ့လိုဆက်လုပ်နေတဲ့အပေါ်မှာ သူများပြောတာကို နားထောင်ဖို့အတွက် အကုန်လုံးအသေခံပြီးမှ နားထောင်ရမှာလားဆိုတာ ဟိုတစ်နေ့က ကျနော်သွားမေးတယ်။ ကျနော်နဲ့တွေ့တုန်းက one command တစ်ခုအနေနဲ့ ကြိုးစားဖို့ပြောတဲ့အတွက် သူ့အနေနဲ့ သဘောထားကြီးကြီးထားဖို့လိုတယ်။ BGF ပဲဖြစ်ဖြစ်၊ DKBA ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး PC ပဲဖြစ်ဖြစ် သူ့သားသမီးလို့ သဘောထားရမယ်။ ကိုယ်က သူ့ကို သွားပစ်တယ်ဆိုရင် ပြောပေါ့၊ အခုက သူတို့ကိုမှ သွားမပစ်တာ။ အခု ကတိုင်တိနဲ့ ကမမောင်းဘက်ကို ကျနော်တို့ လူ ၃၀၀ လွှတ်လိုက်တာ။

အဲ့က ကျနော့်တပ်ရင်း (၁၀၁၃) နဲ့ (၁၀၁၄) မှာရှိတဲ့ ကိုမောင်ချစ်နဲ့ ကိုလှကြိုင်တို့တပ်ရင်းအတွက် လမ်းလုံခြုံရေးသွားယူခိုင်းတာ။ အပြင်ထွက်ရဲဖို့၊ သွားလာရဲဖို့၊ ကျနော်တို့ဆီပြန်လာနိုင်ဖို့ ကျနော့်လူတွေကို လွှတ်လိုက်တာပဲ။ သူတို့ကို သွားတိုက်တာ မဟုတ်ဘူး။

ပထမဦးဆုံး ကျနော်တို့ သွားတော့မယ်ဆိုတာကို အခွင့်တောင်းလိုက်သေးတယ်။ ကျနော်တို့လူတွေကို သွားထိန်းဖို့ပဲ။ စစ်ဆင်ရေးအတွက်မဟုတ်ဘူး။ လမ်းကြောင်း တစ်ကြောင်းလောက်ပေးပါ၊ ကျနော်တို့ ကားနဲ့သွားမယ်ဆိုတာကို အခွင့်မပေးဘူး။ အဲ့ဒီ လေးကေနဲ့ တာပေါင်းမှာ လမ်းမပေးဘူး။ ကျနော်တို့ ကျွန်းပင်ကွင်းနဲ့ ဘောသပြွတ်မှာ ထွက်တာနဲ့ ကျနော်တို့ကို ပစ်တော့တာပဲ။ ပစ်ပေမဲ့လည်း ကျနော်တို့ ပြန်လိုက်မပစ်ဘူး။ ကိုယ့်လမ်းအတိုင်းပဲ ကိုယ်သွားတယ်။ ဒီအတိုင်း ဆက်သွားကြမယ်ဆိုရင် တစ်စုထဲတစ်ဖွဲ့တည်း၊ တစ်ဝမ်းတည်း ပြန်နေကြမယ်ဆိုရင် ဘယ်လိုပုံစံနဲ့နေကြမလဲ။ ပြန်သုံးသပ်ပြီး ပြန်စဉ်းစားပေါ့နော်။ စစ်တပ်က ကျနော်တို့ကို ခေါပူနဲ့ကျားကွင်းကို သွားတက်ခိုင်းပေမဲ့ ကျနော်တို့ လုံးဝမသွားဘူး။ ကျနော်တို့သိတယ် ကိုယ့်ကရင်အချင်းချင်း ပြန်မပစ်တော့ဘူး။ နှစ်ပေါင်းများစွာ ပစ်ကြပြီးပြီ။ ဒီအလုပ် ကျနော်တို့ ပြန်မလုပ်တော့ဘူး။ ကျနော်တို့ အစည်းအဝေးကြီးမှာ ပြောထားပြီးပြီး ကျနော်တို့အချင်းချင်းကြား ပြန်မတိုက်ဖို့။ ဒါပေမဲ့ စဉ်းစားကြည့်ပါ ကိုယ့်လူကိုလာပစ်တယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ကောဘယ်လိုသဘောထား ရှိကြမှာလဲ။

မေး - ဒီလို အချင်းချင်းကြား ပစ်ခတ်သတ်ဖြတ်တာမျိုးက နှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်တဲ့အတွက် ကိုယ့်လက်နက်ကိုင်အချင်းချင်းကြားမှာ ပြန်လည်စည်းလုံးညီညွတ်ဖို့ ခေါင်းဆောင်တွေကြားမှာ ဘယ်လိုညှိနှိုင်းဆွေးနွေးတာမျိုးရှိလဲ။

တကယ်လို့ One command အနေနဲ့ မိခင်အဖွဲ့အစည်းတစ်ခုအောက်မှာပဲ သွားမယ်ဆိုရင် ကျနော်တို့လက်အောက်ကလူတွေက ကျနော်တို့ကို ယုံကြည်ပါ့မလား၊ ကျနော်တို့ အမိန့်ပေးတာကိုကော နာခံပါ့မလားဆိုတာ မနေ့က ဆွေးနွေးပြောဆိုပြီးပြီး။ အခု ကတိုင်တိနဲ့ ကမမောင်းမှာရှိတဲ့ ကျနော့်တပ်ရင်း ၂ ရင်းက သွားလာလို့မရတာ ၁ လကျော်သွားပြီး။ ဘယ်ကိုမှ မသွားနိုင်ဘူး။ ဒီကို ပြန်လာမယ်ဆိုလည်း မပြန်လာနိုင်ဘူး။ ရှေ့ကိုသွားမယ်ဆိုလည်း မသွားနိုင်ဘူး။ ကျနော့်လူတွေအများကြီး သေသွားပြီး။ ဒါကို ကျနော်ရှင်းရှင်းပြောမယ်၊ ဖုံးကွယ်တာမျိုးမလုပ်ဘူး။ သူတို့ကို ဘယ်နှစ်ခါသွားပစ်ဖူးလဲဆိုတာ KNU ကို မေးကြည့်လိုက်ပါ။ လူအများ ပြန်ပြီးစဉ်းစားသုံးသပ်နိုင်ဖို့ သတင်းကို မှန်မှန်ကန်ကန်ဖြစ်ဖို့လိုတယ်လို့ ကျနော်ယူဆတယ်။ အခုက သူများတွေက ကျနော့်ကိုချည်းပဲ အဆိုးပြောနေကြတယ်။ နာအောင်ပြောတယ်။ သူတို့ကို ဘယ်နှစ်ခါ အရင်သွားပစ်ဖူးလဲဆိုတာ မေးကြည့်လိုက်ပါ။

ကျနော်ပြောတာတွေက မှန်/မမှန်ဆိုတာ သတင်းသမားတွေကို ကွင်းဆင်းပြီး လာသတင်းယူခိုင်းလိုက်ပါ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျနော်တို့က စစ်တပ်နဲ့ပူးပေါင်းတဲ့အတွက် ကျနော်တို့ပြည်သူတွေက ကျနော်တို့အားလုံးကို မုန်းသွားကြတာချည်းပဲ။ ကျနော်တို့ အားနည်းချက်တစ်ခုရှိတာက ပြည်သူတွေဆန္ဒပြတာကို သွားကူညီစောင့်ရှောက်တာမျိုး လွတ်လွတ်လပ်လပ် မလုပ်နိုင်တဲ့အပေါ်မှာ ပြည်သူတွေက ကျနော်တို့ကို မြန်မာစစ်တပ်စရိုက်လိုမြင်ပြီး မင်းအောင်လှိုင်အမိန့်ကိုနာခံတဲ့ ပုံစံမြင်ကြတယ်။

တကယ်လို့ ကျနော်တို့ KNU အနေနဲ့ပဲသွားသွား၊ DKBA အနေနဲ့ပဲသွားသွား၊ တစ်ချိန်ထဲမှာ တိုက်ပွဲကြီး အကြီးကြီးတစ်ခု ဖြစ်သွားမှာပဲ။ ကျနော်တို့မြင်တာက ကျနော်တို့မှာ အနိုင်တိုက်နိုင်တဲ့အင်အား မရှိသေးတဲ့အတွက် ငြိမ်နေသေးတဲ့သဘောပါပဲ။ ကျနော်တို့အနေနဲ့ ပြန်စဉ်းစားသင့်တယ်။ တကယ်မတိုက်နိုင်ဘဲနဲ့ ကိုယ့်ပြည်သူကို ထိခိုက်တာမျိုး မလုပ်စေချင်ဘူး။ ကိုယ့်ပြည်သူတွေ ထိခိုက်မယ်ဆိုရင် မလုပ်သေးတာ ကောင်းမယ်။ ကျနော်တို့က စစ်အာဏာရှင်ကို ကြိုက်လွန်းလို့ ပူးပေါင်းလုပ်နေတာမျိုးမဟုတ်ဘူး ဒါကိုတော့ နားလည်ပေးစေချင်တယ်။

မေး - KNU နယ်မြေတချို့မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့အပေါ်မှာကော ဗိုလ်မှူးကြီးချစ်သူအနေနဲ့ ဘယ်လိုဝေဖန်သုံးသပ်ချင်လဲ။

ကျနော်ကတော့ ကျနော့်လူတွေကို ပြတ်ပြတ်သားသားပဲ ညွှန်ကြားထားတယ်။ သူများကို သွားလိုက်မပစ်ဖို့အတွက်။ အခု ကျနော့်တပ်ရင်းက လှကြိုင်နဲ့ မောင်ချစ်တပ်ရင်းအတွက် သွားလာနိုင်ဖို့ လမ်းလုံခြုံရေး သွားယူခိုင်းတာပဲရှိတယ်။ သူတို့ပြောသလို တပ်မဟာ (၅) ခေါပူ၊ ကျားကွင်းကို သွားတက်တိုက်ရမယ်ဆိုတာက လုံးဝမဟုတ်ဘူးနော်။ ဒါကိုကျနော်ပြောရဲတယ်။ တကယ်လို့ အဲ့လိုဖြစ်ရင် ကျနော့်ကိုပြောပါ။ ကျနော်တာဝန်ယူပါမယ်။

မေး- လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးကော၊ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်မှာကော BGF ထဲမှာ ဘယ်လိုဆွေးနွေးမှုတွေ သဘောထားတွေရှိကြလဲ။

အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက စစ်တပ်နဲ့ ကျနော်တို့ကြားမှာ ပွတ်တိုက်မှုရှိသွားတာကို ခင်ဗျားတို့လည်း သိကြတာပဲ။ ဒီစစ်အာဏာသိမ်းမှုကိုတော့ ကျနော်တို့ လက်မခံဘူး။ ဒါပေမဲ့ ဆန့်ကျင်ဖို့အတွက်ကလည်း ဆန့်ကျင်လို့ မရသေးဘူး။ ပြန်အနိုင်တိုက်ဖို့လည်း မဖြစ်နိုင်သေးဘူး။ ကျနော်ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ တချို့ ကျနော်တို့ကို ပြတ်ပြတ်သားသား လုပ်စေချင်တယ်၊ ပြောစေချင်တယ်။ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ရန်သူကို နယ်စပ်မှာတိုက်တုန်းက ကျည်ဆံပုံပေါ်မှာထိုင်ပြီး တိုက်နေတာပဲ။ ဒါပေမဲ့ ၃ နှစ်၊ ၄ နှစ်လောက်ပဲခံတိုက်နိုင်တယ်။ အောင်မြင်အောင် တိုက်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြည်သူလူထုတွေအနေနဲ့ ကျနော့်ကို စဉ်းစားစေချင်တယ်။ အခုက အချိန်ကျပြီးလို့ ပြောကြတယ်။ ဒါပေမဲ့ ကျနော့်တစ်ယောက်ထဲအမြင်အရ ကျနော့်အနေနဲ့ တစ်ယောက်ထဲရပ်တည်ဖို့ မရသေးဘူး။ အချိန်တစ်ခုလိုသေးတယ်။ အဲ့အတွက် စစ်အာဏာသိမ်းတာကိုတော့ ကျနော့်အနေနဲ့ မကြိုက်ဘူး။ ကျနော်တို့ မလိုလားဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နည်းလမ်းရှာနေတုန်းပဲ။

မေး - ခုနက ပြောသွားတဲ့ထဲမှာ စစ်အာဏာသိမ်းမှုမတိုင်ခင်က စစ်တပ် နဲ့ BGF ကြားက ပွတ်တိုက်မှုတွေက အခု ပြီးသွားပြီးလား၊ ဘယ်လိုအခြေအနေ ဆက်ရှိဖြစ်နေသေးလဲ။

BGF က ထိပ်ပိုင်းအရာရှိ ခေါင်းဆောင် ၆၇ ဦးက လက်မှတ်ထိုးထားလိုက်ပြီး။ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာမျိုးလည်း မလုပ်သေးသလို သူတို့လက်အောက်မှာ ရှိနေတာမျိုးလည်း မဟုတ်ဘူး။ ကျနော်တို့အကြား ယုံကြည်မှုဆက်ရှိနေအုံးမယ်။ တကယ်လို့ ယုံကြည်မှုမရှိတော့ဘူးဆိုရင် ကျနော်တို့ ကိုယ့်အစီအစဉ် ကိုယ့်ရပ်တည်ဆုံးဖြတ်ချက်နဲ့ နေသွားမယ်။

မေး - တပ်မဟာ (၅) ဘက်မှာ တပ်အင်အား သွားရောက်တိုးချဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

တပ်မဟာ ၅ နယ်မြေတစ်ပိုင်းတစ်စတော့ ပါဝင်တာပေါ့လေ။ ကတိုင်တိက တပ်မဟာ ၅ နယ်မြေဆိုတော့။ လူ အင်အား ၅၀၀ မဟုတ်ပါဘူး။ လူအင်အား ၃၀၀ လောက်ပဲရှိပါတယ်။ ၃၅၀ လောက်ပဲရှိပါမယ်။ စောစောက ကျနော်ပြောသလိုပေါ့။ ကျနော့်တပ်ရင်း ၁၀၁၃၊ ၁၀၁၄ သွားလာလို့ရအောင် အဲဒီလမ်းကြောင်းကို လုံခြုံရေးသွားယူတာမှန်ပါတယ်။ စစ်ဆင်ရေးသွားလာတာမဟုတ်ပါဘူး။

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...