ဖားကန့်မြို့ လုံးခင်းရပ်ကွက်တွင် ယနေ့ (မေ ၂ ရက်) ၌ ဆန္ဒပြပြည်သူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးလည်း ဒဏ်ရားပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် မေလ ၂ ရက်နေ့ ယနေ့မနက် ၉ နာရီခွဲအချိန် သပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့်နေရာတွင် ရဲနှင့်စစ်သားများကရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။
"ဒီမနက်က လုံးခင်းသပိတ်နဲ့ မော်ဝမ်းသပိတ် ၂ ခုစလုံး စထွက်ဖို့အချိန်မှာဘဲဟုတ်တယ်။ သပိတ်တောင်မစသေးဘူး ဖြိုခွင်းခံရတယ်။ အဲ့ချိန်မှာ ကျည်ထိမှန်ခဲ့တာ ၂ ယောက်ဟုတ်တယ်။ တစ်ယောက်က ဆုံးသွားပါပြီ။ တစ်ယောက်က ရင်ဘတ်မှာ ဒဏ်ရာရထားတယ်" ဟု ၎င်းကပြောသည်။
အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် သူရဲကောင်းမှာ လုံးခင်းရပ် (၁) တွင်နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းနား ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ မှော်ဝမ်းရပ်ကွက်နေ အသက် ၂၇ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ဘတ်အောက်ကျောကုန်းနားတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။
ယနေ့နံနက် သေဆုံးသွားသောသူ၏ ရုပ်အလောင်းကို ဖားကန့်နာရေးကူညီမှုအသင်းက မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။
ထိုနည်းတူ မိုးကောင်းမြို့တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ နွေးဦးတော်လှန်ရေးနေ့အဖြစ် လူရာချီ မြို့တွင်းဆန္ဒပြလှည့်လည်နေစဉ် ရဲနှင့်စစ်သားများရောက်လာပြီး ပစ်ခတ်သွားခဲ့သည်။
သို့သော် ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးခံရသူများမရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဆန္ဒပြရာတွင်သူများက "အနှိုင်မခံ၊ အရှုံးမပေး နွေဦးတော်လှန်ရေး၊ We Support NUG" စသော ဆိုင်ဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
မေ ၂ ရက် တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအစီစဉ်ကို ကချင်ပြည်နယ်အနှံ့တွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကာ ပြုလုပ်ခဲ့သည်။