မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ မြို့နယ်အဆင့်သို့ သွားရောက်ဆွေးနွေးညှိနှိုင်းမည်

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ မြို့နယ်အဆင့်သို့ သွားရောက်ဆွေးနွေးညှိနှိုင်းမည်
ဓာတ်ပုံ - နိုင်မွန်ရာဇာ
ဓာတ်ပုံ - နိုင်မွန်ရာဇာ

မွန်စာပေနှင့်ယဉ်ကျေးမှုအခန်းကဏ္ဍတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့အနေဖြင့် မေလအတွင်း မြို့နယ်အဆင့်သို့ သွားရောက်ကာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် စီစဉ်လျာထားနေကြကြောင်း သိရသည်။

 

အဆိုပါအဖွဲ့အတွင်းရေးမှူး နိုင်မွန်ရာဇာက "ကျွန်တော်တို့ မြို့နယ်ကော်မတီတွေနဲ့ သွားတွေ့ပြီးတော့ ဒီအဖွဲ့ရဲ့ မွန်စာပေနဲ့ယဉ်ကျေးမှု ထိန်းသိမ်း ဖော်ထုတ်မြှင့်တင်တဲ့ကိစ္စ တစ်နှစ်ထက်တစ်နှစ် ပိုပြီး အရှိန်အဟုန်မြင့်လာစေဖို့ မြို့နယ်တိုင်းက အကြံဉာဏ်တွေ ရယူစုစည်းသွားဖို့ရှိတယ်" ဟု ပြောသည်။

 

ယင်းအဖွဲ့မှာ မြို့နယ်အလိုက်သင်ရိုးညွှန်းတမ်းနှင့် နွေရာသီသင်တန်းကို သင်ကြားပို့ချနေသည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းအဖွဲ့ကို ကောဇာသက္ကရာဇ် ၁၃၆၀ တွင် မြို့နယ်ခြောက္မြို့နယ်စု‌ပေါင်းလျက် စတင်ဖွဲ့စည်းခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

"နောက်ပိုင်းမှာတော့ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း စုစုပေါင်း ၁၉ မြို့နယ် စည်းရုံးပါဝင်လာခဲ့ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

 

မြို့နယ်အားလုံးနေ ဆရာတော်များ စုပေါင်းဆွေးနွေးညှိနှိုင်းလျက် မွန်စာပေဆိုင်ရာ သင်ရိုးညွှန်းတမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သူက ဖြည့်စွက်ပြောသည်။

 

ယင်းအဖွဲ့၏ လက်ရှိလှုပ်ရှားမှုများနှင့်ပတ်သက်၍ အတွင်းရေးမှူး နိုင်မွန်ရာဇာက "အခုကာလမှာတော့ အတန်း ၆ တန်း သင်ကြားနေပါတယ်။ မွန်ယဉ်ကျေးမှုတန်း၊ မွန်စာပေသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်း၊ ဟံသာဝတီသမိုင်းတန်း၊ မုတ္တမသမိုင်းတန်း၊ အဘိဓမ္မာတန်းတွေပါ" ဟု ပြောသည်။

 

သင်ကြားနေသည့်ကာလအားဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ၄၅ ရက် သင်ကြားပို့ချရန် ယင်းအဖွဲ့က လျာထားချမှတ်ထားကြောင်းလည်း သိရသည်။

 

အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိရာ နှစ်စဉ် ကျောင်းသား/ကျောင်းသူဦးရေ ရှစ်သောင်းမှ တစ်သိန်းကျော်တိုင် တက်ရောက်လေ့လာထားကြောင်း ၎င်းအဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

မွန်သံဃာတော်များနှင့် မွန် ဆရာ/ဆရာမအင်အား ဦးရေ ၂၅၀၀ ကျော်က အကောင်အထည်ဖော်နေကြောင်း ထပ်မံသိရသည်။

 

မွန်ပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ်ကစတင်ကာ မွန်စာပေဆိုင်ရာအသုံးပြုနိုင်ရန် ရံပုံငွေ သိန်း ၅၀၀ ကို နှစ်စဉ်ထောက်ပံ့ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...