ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင်စနစ်ကို အာဏာဖီဆန်မှုလှုပ်ရှားရာတွင်ပါဝင်သည့် (CDM) ပညာရေးဝန်ထမ်းများကို လစာကိုယ်တိုင်လာထုတ်မှသာ ပေးမည်ဖြစ်ကြောင်း ဖိအားပေး၊ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
အဆိုပါ CDM ပါဝင်လှုပ်ရှားနေသည့် ပညာရေးဝန်ထမ်းများကို လက်မှတ်ထိုးခိုင်းပြီး၊ လစာကိုယ်တိုင်လာထုတ်ယူခိုင်းကြောင်းနှင့် မေ ၃ ရက်တွင် အလုပ်ပြန်ဝင်ခိုင်းကာ နည်းမျိုးစုံ ဖိအားပေးခြိမ်းခြောက်နေသည်။
“လစာတွေကို ကိုယ်တိုင်လာမထုတ်ရင် မထုတ်ပေးဘူး။ နောက် ၃ ရက်နေ့ကျရင် ကျောင်းကိုအရောက် လုပ်ငန်းခွင်ပြန်ဝင်ဖို့ လက်မှတ်ထိုးရမယ် လို့ မူဆယ် ထ.၂ ကျောင်းအုပ်က ညွှန်ကြားလာတယ်” ဟု မူဆယ်မြို့ ပညာရေးဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အကြမ်းဖက်စစ်ကောင်စီမှ မေ ၅ ရက်မှစတင်၍ ပညာရေးကျောင်းများပြန်ဖွင့်ရန် ကြိုးစားနေပြီး ပညာရေးဝန်ထမ်းများအားလုံး ကျောင်းပြန်လာရန် လက်ရှိအချိန်ကစပြီး နည်းမျိုးစုံ ခြိမ်းခြောက်မှု ဖိအားပေးမှုတွေပြုလုပ်နေကြောင်း CDM လုပ်ထားသည့် မူဆယ်မြို့မှ ကျောင်းဆရာမတဦး က ပြောပြသည်။
“တကယ်လို့ လစာထုတ်ပြီးသွားရင်လဲ မေ ၃ ရက်မှ အကုန်အလုပ်ပြန်ဝင်ရမယ်ပြောတယ်။ တကယ်လို့ မဝင်ရင် ထုတ်ထားတဲ့လစာတွေ အကုန်ပြန်သွင်းရမယ်လို့ ခြိမ်းခြောက်တာတွေလဲလုပ်တယ်” ဟု အထက်ပါဆရာမက ပြောပြသည်။
CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လစာပြတ်ခွင့်တင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျမကတော့ လစာဖြတ်ရင်လည်း ဖြတ်ပါက မရရင်လည်း မယူဘူး။ စစ်အာဏာရှင်လက်အောက်တော့ အလုပ်မလုပ်ဘူး။ ဖမ်းဆီးမှုရှိရင်တော့ ရှောင်ရမယ်” ဟု မူဆယ်မြို့ အထက်တန်းပြကျောင်းဆရာမတဦးက ဆက်လက်ပြောပြသည်။
ထိုသို့ ကျောင်းပြန်ဖွင့်ပါက လဲချားမြို့ ကျောင်းသားတစ်ဦးက “သူတို့ပြန်ဖွင့်ရင်လဲ မတက်ပါဘူး။ ကျောင်းသွားအပ်ရင်တော့ သူတို့ ပြည်သူတွေကိုသတ်နေတာ ကျနော်တို့က သွားထောက်ခံနေသလိုဖြစ်မယ်။ စစ်ကျွန်းပညာရေးကိုတော့ မသင်ချင်ဘူး” ဟု ကျောင်းသားတစ်ဦးကပြောသည်။
အလားတူ မေ ၂၂ ရက်တွင် ကျောင်းအပ်များကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားမိဘများကလည်း ကျောင်းကိုထားမည်မဟုတ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ပြည်သူများက ၎င်းတို့ကိုလက်ခံကြောင်း နိုင်ငံတကာကိုပြသရန် ကြိုးစားနေကြသည်။
အကြမ်းဖက်စစ်ကောင်စီမှ CDM ဝန်ထမ်းများထောက်ပံ့နေသောသူများကို အိမ်အရောက် ဝင်ရောက်ဖမ်းဆီခြင်းများပြုလုပ်နေပြီး၊ ရာဇသတ် ပုဒ်မ ၅၀၅ က တို့ဖြင့် ဖမ်းဝရမ်းထုတ်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်းထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော်ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။