ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ဧပြီ ၂၅ ရက် ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင်တည်ရှိသော အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်းဂိတ်စောင့်ပစ်သတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူဟုယူဆရသောသူကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“စဖြစ်တာက အဲ့ဒီစံပြကျေးရွာက ပြည်သူ့စစ်တပ်ကို KIA က လာပစ်သွားတယ်လို့ သိရတယ်။ အဲ့နောက်ပိုင်း စစ်သားတွေက စစ်ဆေးမှုတွေ ထိန်းချုပ်မှုတွေ ပိုပြီးတင်းကြပ်လာတယ်။ နောက်ပြီး သူတို့ရဲ့တပ်စခန်းကို လာပစ်သွားတဲ့သူဆိုပြီး လာဖမ်းကြတာ။ အဲ့ချိန်မှာ အိမ်မှာရှိနေတဲ့လူ သုံးယောက်က စစ်သားတွေလာတော့ ထွက်ပြေးကြတယ်ပေါ့။ စစ်သားတွေက သူတို့ရဲ့နောက်လိုက်ပြီး သေနတ်နဲ့လိုက်ပစ်တာ ဟုတ်တယ်။ သူတို့ကို KIA စစ်သားထင်ပြီး လာပစ်တယ်လို့ဘဲပြောရမှာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့သော်လည်း အဆိုပါသုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။
Published
Friday, April 30, 2021
ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်