နိုင်မွန်ရာဇာနှင့် တွေ့ဆုံမေးမြန်းခြင်း
ပြီးခဲ့တဲ့မတ်လထဲတွင် မွန်ညီညွတ်ရေးပါတီ (MUP) မှ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ်အလုပ်အမှုဆောင်တွေအပါအဝင် ပါတီဝင်များ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။ နုတ်ထွက်လာသူများက MUP သည် ၎င်း၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် သွေဖီနေကြောင်း ကောက်ချက်ချ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် နုတ်ထွက်လာသူများထဲမှ တချို့သည် အင်အားစုတစ်ရပ်ကို ထူထောင်ဖို့ ကြိုးပမ်းနေကြကြောင်း MUP မှ နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်သည့် နိုင်မွန်ရာဇာက ဟင်္သာမီဒီယာကို ပြောသည်။
ထို့ကြောင့် MUP မှ နုတ်ထွက်ထားသူများထူထောင်မည့် အင်အားစုသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထူထောင်မည်၊ MUP နှင့် မည်သို့ကွဲပြားမည်၊ ရှေ့ဆက်လုပ်ဆောင်သွားမည့်ကဏ္ဍများ စသဖြင့် သိရှိစေရန် နိုင်မွန်ရာဇာအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - မွန်ရေးရာအဖွဲ့တစ်ခု ဖွဲ့မယ်လို့ကြားတယ်။ အဲဒီအကြောင်း ပြောပြပေးပါဦး။
နိုင်မွန်ရာဇာ - ကျွန်တော်တို့မှာ နိုင်ငံရေးက နားသွားတဲ့အင်အားစုရှိတယ်။ ဒီလူတွေက နဂိုထဲက စာပေယဉ်ကျေးမှုတို့ အမျိုးသားနေ့တို့၊ စာပေသင်ကြားရေးတို့ လုပ်နေကြတယ်။ အခြားလူမှုရေး အဖွဲ့တွေမှာ လုပ်နေတဲ့သူတွေပဲ ဖြစ်တယ်။ ဥပမာ ဒေါက်တာမင်းကြည်ဝင်းဆိုရင် မွန်စာပေယဉ်ကျေးမှုမှာလည်းလုပ်တယ် ပြီးရင် အခြား အဖွဲ့အစည်းတွေမှာလည်းလုပ်တယ်။ နိုင်ရဲဇော် ဆိုရင်လည်း သုတေသန လုပ်တယ်။ ဒေါက်တာမင်းစိုးလင်း ဆိုရင်လည်း ဆေးကုပေးတာတို့ ဘာတို့လုပ်တယ်။ ကိုဗညားဆိုရင်လည်း စီးပွားရေးလုပ်ငန်းရှင်လုပ်တယ်။ ဒေါက်တာအောင်နိုင်ဦး ဆိုရင်လည်း ပရဟိတလုပ်ငန်းလုပ်တယ်။ အခုဟာက မကွဲပဲနဲ့ တစ်စုတစ်စည်းထဲဖြစ်အောင် အားလုံး မွန်ရေးရာအဖွဲ့တစ်ဖွဲ့အနေနဲ့ ဖွဲ့ဖို့စီစဉ်ထားတယ်။
မေး - အဲဒီအဖွဲ့အမည်ကို ဘယ်လိုပေးထားလဲ။
နိုင်မွန်ရာဇာ - အမည်ကိုတော့ အတိအကျ မရွေးရသေးဘူးပေါ့နော်။ အဖွဲ့အစည်းသေချာ မဆွေးနွေးရသေးဘူး။ ပထမအဆင့်အနေနဲ့ ဒီအဖွဲ့ ဖွဲ့မယ်လို့ ပေါ့နော်။
မေး- ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကို ပြောပြပါ။
နိုင်မွန်ရာဇာ- အခုဖွဲ့မည့် အဖွဲ့အစည်းက ကွဲပြားနေတဲ့ မွန်တွေအားလုံးကို စုစည်းပြီးတော့ အလုပ်တစ်ခုထဲလုပ်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်တယ်။ အဲဒီတော့ ဘာလုပ်မလဲဆိုတော့ မွန်စာပေယဉ်ကျေးမှုကော်မတီကို ဗဟိုအဆင့် ဖွဲ့နိုင်အောင်လုပ်မယ်။ အရင်ဆုံးလုပ်မှာ မွန်အမျိုးသားနေ့ ဗဟိုကိုလည်းတစ်ဖက်တစ်လမ်းကနေ လုပ်မယ်။
မေး- အဓိကအနေနဲ့ ဘယ်ကဏ္ဍကို ဦးစားပေးလုပ်ဆောင်မှာပါလဲ။
နိုင်မွန်ရာဇာ - အဓိက ကျွန်တော်တို့လုပ်ချင်တာက မွန်ယဉ်ကျေးမှု အနုပညာပေါ့နော်။ ယဉ်ကျေးမှုဆိုတာက အကတွေတီးတာတွေ ဆိုတာတွေ ဒီဟာကို စင်တာတစ်ခုအနေနဲ့လုပ်မယ်။ မွန်စာပေယဉ်ကျေးမှု စင်တာပေါ့။ အဲဒါမျိုးကို ဒီအဖွဲ့အောက်ကနေပြီးတော့ ဖွင့်မယ်။
အဲဒီအတွက် အဆောက်အဦးတို့လိုမျိုးလိုမယ်။ အဲဒီလောက်အထိ ရည်မှန်းထားတယ်။ လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးပဲပေါ့နော်။ ဒီအဖွဲ့အစည်းအောက္မှာ ဘဏ္ဍာအနေနဲ့ ဖောင်ဒေးရှင်း တစ်ခုအနေနဲ့လုပ်မယ်။ ဒီကိစ္စတွေအနေနဲ့ ဒီဖောင်ဒေးရှင်း။ အဲဒီကနေပြီးတော့ ကျနော်တို့က သွားမှာ။ ဒီအဖွဲ့က အခုရှိနေတဲ့ အဖွဲ့ ဖွဲ့ပြီး စာပေယဉ်ကျေးမှု ပြုလုပ်လို့ရအောင် စာပေသင်ကြားရေး တခြားပတ်သက်တဲ့ အားလုံး ချိတ်ဆက္မယ်ပေါ့နော်။ ပြီးရင် တကယ်ဆွေးနွေးတဲ့အခါကျရင် အဖွဲ့အနေနဲ့ အင်အားကြီးလာတဲ့အခါ ဆွေးနွေးလို့ရတဲ့ ကော်မတီ အသင်းအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ရှိတယ်။
မေး - ဘယ်သူတွေ ပါဝင်ဖွဲ့စည်းမှာပါလဲ။
နိုင်မွန်ရာဇာ - အဲဒီတော့ ဘယ်သူတွေပါဝင်မလဲ ဆိုရင် အားလုံးကို ဖိတ်ခေါ်တာပေါ့။ လုပ်နိုင်တဲ့သူတွေရှိရင် ခုလက်ရှိအနေနဲ့ ပြောရင်တော့ နိုင်ငံရေးအုပ်စုကနေ နားထားတဲ့သူတွေက အားနေတယ်ပေါ့နော်။ သူတို့တွေကနေပြီးတော့ ဦးဆောင်ပြီးတော့လုပ်မည့် အခန်းကဏ္ဍတွေကို သွားမှာပေါ့နော်။ မြို့နယ် ရပ်/ကျေးအထိဖွဲ့သွားဖို့ ဆက်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်။