မွန်ပြည်နယ်တွင် မော်လမြိုင်မြို့အပါအဝင် မြို့တချို့၌ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

မွန်ပြည်နယ်တွင် မော်လမြိုင်မြို့အပါအဝင် မြို့တချို့၌ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် အခြားမြို့နယ်အချို့တို့တွင် တပ်နှင့်ရဲများက မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်၊ ကားများကို စစ်ဆေးရှာဖွေမှုများ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ဆိုသည်။

 

မော်လမြိုင်မြို့တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့အတွင်း ဗုံးတွေ့ရှိမူများလည်း ဆက်တိုက်ဖြစ်ပွားနေပြီး သထုံမြို့တွင်လည်း သိမ်ကုန်းရပ်ကွက် ရွှေချောင်းလမ်းတွင် ယနေ့ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံမျာထံက သိရသည်။

 

“ဈေးကြိုအဝိုင်းနားမှာဆိုရင် မြိုင်သာယာဘက်အဝင် မြို့ရှောင်လမ်းအစမှာ နှစ်ဖက်စစ်နေတယ်။ နေ့တိုင်စစ်ဆေးမှုတွေပြုလုပ်တာ ကြုံရတယ်။ နောက်ပြီးတော့ ဒိုင်းဝန်ကွင်းက အိမ်တစ်အိမ်နဲ့ ညဘက် ဈေးအရှေ့လမ်းဘေးမှာ ဗုံးတွေ့တယ်ဆိုပြီး လာရှာနေကြတာတွေရှိတယ်။ တိတိကျကျတော့ မသိရဘူး သူတို့ဘာကိုရှာလဲဆိုတာတော့” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

 

အဆိုပါ စစ်ဆေးရှာဖွေမှုများကို နံနက်ပိုင်းကစတင်ပြီး မြို့အဝင်/အထွက်နေရာများနှင့် မြို့အတွင်းနေရာအချို့တို့မှာ တပ်နှင့်ရဲတို့က ရှာဖွေမှုပြုလုပ်နေပြီး ည ၈ နာရီမထိုးခင်အထိ စစ်ဆေးမှုပြုလုပ်တာတွေ့ရကြောင်း ဒေသခံများကဆိုသည်။

 

ထို့အပြင် မြို့အတွင်း လုံခြုံရေးအရ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် မော်လမြိုင်မြို့အနှံတွင် CCTV များတပ်ဆင်ရန် မွန်ပြည်နယ် စစ်ကောင်စီက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

မော်လမြိုင် ရန်ကုန်သွား ကားလမ်းမတွင် တပ်နှင့်ရဲများ၏ ရှာဖွေစစ်ဆေးရေးဂိတ်များရှိနေပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတား၊ သိမ်ဇရပ်မြို့အဝင် မရမ်းချောင်စစ်ဆေးရေးဂိတ်၊ ဘီးလင်မြို့အဝင်တို့တွင် စစ်ဆေးရေးဂိတ်များရှိကြောင်း သိရသည်။

 

“မော်လမြိုင်ကနေ ရန်ကုန်ဘက်ကိုသွားမယ်ဆိုရင်တော့ မွန်ပြည်နယ်အတွင်းမှာပဲ နှစ်ခါလောက် စစ်ဆေးခံရတယ်။ စစ်တောင်းတံတားကျော်လို့ ပဲခူတိုင်းအဝင် တိုးဂိတ်နားမှာတစ်ခါပေါ့။ ဒီကအသွားတွေဆိုရင် ဘီးလင်မြို့မရောင်ခင် တိုးဂိတ်အဟောင်းမှာ ဂိတ်တစ်ခုရှိတယ်။ သိမ်ဇရပ် အဝင်လမ်းနားက စစ်ဆေးရေးဂိတ်မှာတော့ ကားပေါ်ကနေဆင်းရတယ်။ မှတ်ပုံတင်နံပါတ်နဲ့ အိတ်တွေကိုဖွင့်ပြီး စစ်ဆေးတာမျိုးတွေရှိတယ်” ဟု ရန်ကုန်သို့သွားသည့် ပြည်သူတစ်ဦးက ပြောသည်။

 

မွန်ပြည်နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို မပြုလုပ်နိုင်အောင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ကြပ်စွာ စစ်ဆေးဆောင်ရွက်နေပေမဲ့ ဒေသခံပြည်သူများမှ နည်းမျိုးစုံဖြင့် အာဏာရှင်ဆန့်ကျင်သောလှုပ်ရှာမှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...